တရုတ်နိုင်ငံသားတွေ လောက်ကိုင်ကအမြန်ဆုံးထွက်ဖို့ တရုတ်သံရုံး သတိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တိုက်တွန်းလိုက်ပါတယ်။

လောက်ကိုင်မြို့မှ နေရပ်အသီးသီးသို့ ပြန်လာကြသူများအား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီဇင်ဘာ ၂၈ ရက် ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

လောက်ကိုင်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အဲဒီမှာပိတ်မိနေသူတွေအတွက် လုံခြုံရေး စိုးရိမ်စရာအခြေအနေ မြင့်တက်လာတယ်လို့ တရုတ်လူမှုကွန်ရက် (WeChat) ကနေတစ်ဆင့် တရုတ်သံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။

လောက်ကိုင်မြို့က တရုတ်နိုင်ငံသားတွေ အမြန်ဆုံးနေရာရွှေ့ပြောင်းဖို့ကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက ထပ်မံအသိပေးတာလို့လည်း ဆိုပါတယ်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လက်ရှိလုံခြုံရေးအခြေအနေဟာ ဆိုးရွားရှုပ်ထွေး နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ကလည်း ဒီနေ့သတင်းစာရှင်းလင်းပွဲ မှာပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်လကျော်အတွင်း ရှမ်းမြောက်ဒေသက မြို့ဆယ်မြို့ကို သိမ်းယူခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့တာကြောင့် အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတာဝန်ရှိသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ နမ္မတူမြို့နယ်က ဒေသခံ တစ်သိန်းနီးပါး ဘေးလွတ်ရာမှာ ထွက်ပြေးခိုလှုံနေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org