စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း မြန်မာဒုက္ခသည် တဦး ဝန်ခံ

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့တဲ့ မြန်မာဒုက္ခသည် တဦးကို ဗဟိုအစိုးရ ရဲဌာနကို လွှဲပြောင်း ပေးအပ်မယ်လို့ သြစတေလျ အစိုးရက ဒီကနေ့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ဒီလို ထုတ်ဖော် ပြောဆိုချက်တွေနဲ့ပတ်သက်လို့ သြစတေလျ အစိုးရအနေနဲ့ အလေးအနက်ထား စဉ်းစားပြီး အမှုကို ဗဟိုအစိုးရ ရဲတပ်ဖွဲ့က စိစစ်ဖို့ လွှဲပြောင်းပေးသွားမယ်လို့ သြစတေလျအစိုးရ ရှေ့နေချုပ် ရောဘတ် မက်ကလေလင့် (Robert McClelland) က ပြောပါတယ်။

သြစတေလျ ရဲတပ်ဖွဲ့ အနေနဲ့ စစ်ရာဇတ်မှု အပါအဝင် တခြား ရာဇဝတ်မှု ကျူးလွန်သူတွေကို သြစတေလျ လူမှု အဖွဲ့အစည်းထဲမှာ မဝင်ရောက်နိုင်အောင် အကာအကွယ်ပေးတဲ့ ဥပဒေတွေ အခိုင်အမာ ရှိကြောင်း၊ လိုအပ်တဲ့ စစ်ဆေးမှုတွေနဲ့ အရေးယူသွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

သြစတေလျနိုင်ငံ အခြေစိုက် AAP သတင်း ဌာနရဲ့ ထုတ်ပြန်ချက် အရ အဲဒီ မြန်မာ ဒုက္ခသည်ဟာ ၁၉၈၇ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ မြန်မာ စစ်ထောက်လှမ်းရေးတပ်မှာ အရပ်ဝတ်နဲ့ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၁၉၈၈ ခုနှစ်က သပိတ်မှောက် ဆန္ဒပြ ကျောင်းသားတွေကို ရှာဖွေ ဖော်ထုတ်ပြီး လုပ်ကြံ သတ်ဖြတ်ရာမှာ ဦးဆောင် လှုပ်ရှားခဲ့သူလို့ ပြောဆိုထားပါတယ်။

သူ့အနေနဲ့ လူသတ်မှု ၁၀၀ ခန့်မှာ ပါဝင်ခဲ့ပြီး ကိုယ်တိုင် ၂၄ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ထုတ်ဖော် ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ ကာယကံရှင် ဖြစ်သူကို RFA က ဆက်သွယ် မေးမြန်း ခွင့်မရခဲ့ သလို ထုတ်ဖော် ပြောကြားခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့လည်း မှန်ကန်မှု ရှိ-မရှိ သီးခြား အတည်ပြုချက်တွေ အခုချိန်အထိ မရရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org