ကျောက်သယ်ယာဉ်တွေကို လက်ပံတောင်းဒေသခံတွေ တားမြစ်
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင် ကုမ္ပဏီရဲ့ ကျောက်သယ်ယာဉ်တွေကို ပုသိမ်-မုံရွာလမ်း ကနေ ဖြတ်သန်းခွင့်မပြုဖို့ ဒေသခံ ၂၀၀ လောက်က ဒီနေ့ ယာဉ်တွေကို တားမြစ်ပြီး တောင်းဆိုနေပါတယ်။
-
2017-03-14 -
-
-
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ ကျောက်သယ်ယာဉ်တွေ ကို ပုသိမ်-မုံရွာလမ်းကနေ ဖြတ်သန်းခွင့်မပြုဖို့ ဒေသခံ ၂၀၀ လောက်က ဒီနေ့ ယာဉ်တွေကို တားမြစ်ပြီး တောင်း ဆိုနေပါတယ်။
ကျောက်ကားတွေ အမြန်မောင်းတာကြောင့် ဒေသခံတွေရဲ့ ဆိုင်ကယ်ကို တိုက်မိတာတွေ၊ နွားတွေကို တိုက်မိ တာတွေရှိခဲ့တာကြောင့် ဖြတ်သန်းခွင့်မပေးတာဖြစ်တယ်လို့ မိုးကြိုးပြင် အလယ်ရွာက ဒေသခံ ကိုလပြည့် က ပြောပါတယ်။
"တနေ့ကို ကျောက်ကားအစီးရေ ၈၀၀ နဲ့ တစ်ထောင်ကြား ဖြတ်သွားဖြတ်လာလုပ်နေတဲ့အခါ ဒီကဒေသခံတွေ သွားရတဲ့အခါကျတော့ ခရီးသွားပြည်သူတွေ ဆိုင်ကယ်တွေနဲ့ သွားလာကြတော့ အန္တရာယ်များတယ် လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်ကလည်း ဆိုင်ကယ်နဲ့ ကျောက်ကားနဲ့ တိုက်မိမလို ဖြစ် တယ်ပေါ့။ နွားတွေဘာတွေကို တိုက်မိတာလည်း ဖြစ်ခဲ့ဖူးတယ်လေ။ ကျောက်ကားတွေကို မဆင် မခြင် မောင်းနှင်နေတဲ့အတွက် လမ်းကလည်း ကျဉ်းတယ်။ ပြီးတော့ ကျောက်ကားတွေက တနေ့ကို အစီးရေ ၈၀၀ နဲ့ ၁၀၀၀ ကြား သွားလာနေတဲ့အတွက် ဒေသခံတွေက အသက်အန္တရာယ်တွေ စိုးရိမ်လာရတယ်။ အသက်အန္တရာယ်ကို ကြောက်ပြီးတော့ ကြောက်ရွံ့စွာနဲ့ သွားလာနေရတဲ့ အတွက် ကျောက်ကားတွေကို တားတာပါ။"
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းကြေးနီစီမံကိန်းထံ ကျောက်တွေ ပို့ဆောင်နေတဲ့ ယာဉ်တွေကို မိုးကြိုးပြင်တောင်ရွာ၊ မိုးကြိုးပြင် အလယ်ရွာနဲ့ မိုးကြိုးပြင် မြောက်ရွာက ဒေသခံ ၂၀၀ လောက် ဟာ ဖြတ်သန်းခွင့်မပေးဘဲ ပုသိမ်- မုံရွာလမ်းပေါ်က မိုးကြိုးပြင်တောင်ရွာထိပ်မှာ တားမြစ်ထားတာဖြစ်ပါတယ်။
ဒီနေ့မနက်ကပြီး ကျောက်သယ်ယာဉ်တွေကို တားဆီးထားတာကြောင့် အစီးရေ ၃၀၀ ကျော်လောက် ရပ်တန့်ထားရတယ်လို့ သိရပါတယ်။