UWSA ၅ ရက်ကြာ ခရိုင်ညီလာခံကျင်းပပြီးစီး

ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (ဝသပ) UWSA ရဲ့ ခရိုင်အဆင့် ညီလာခံကို မိုင်းမောခရိုင်မှာ ၅ ရက်ကြာ ကျင်းပပြီး၊ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။ အဲဒီ ညီလာခံကို ပါတီဝင် ကိုယ်စားလှယ် အင်အား ၂၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အစိုးရနှင့် အပစ်ခတ်ရပ်စဲထားတဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ် UWSA တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေစဉ် (Photo: Courtesy of UWSA)
ညီလာခံကနေ နောက်တက်လာမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရနဲ့ ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားဖို့နဲ့ အခု အခြေအနေအတိုင်း လက်နက်ကို ဆက်လက် ကိုင်စွဲပြီး ကိုယ့်ဒေသကိုယ် ကာကွယ်ဖို့ အချက်တွေ အပါအဝင်တဲ့ အချက် ၆ ချက် ရှိတဲ့ ရှေ့လုပ်ငန်းစဉ် ချမှတ်နိုင်ဖွယ် ရှိတယ်လို့ ပါတီခေါင်းဆောင်ပိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဝသပရဲ့ ဖွဲ့စည်းပုံဥပဒေအရ ၅ နှစ်တကြိမ် ကျင်းပလေ့ရှိတဲ့ ခရိုင်အဆင့် ညီလာခံနဲ့ ရွေးကောက်ပွဲ ကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့ဟာ ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ တည်ထောင်တဲ့ ၂၂ မြောက်နေ့ ဖြစ်တဲ့အတွက် ညီလာခံနဲ့အတူ ဖျော်ဖြေရေးနဲ့ ပွဲလမ်းသဘင်တွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ (ဝသပ) ရဲ့ ခရိုင်အဆင့် ညီလာခံနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။

UWSA ညီလာခံ
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org