ရွှေ့ပြောင်းဝန်ထမ်းများ မဲစာရင်း ရွေးကောက်ပွဲရက် သိပြီးမှ ထုတ်မည်


2015.06.07
voters-list-620 ၂ဝဝ၈ ခုနှစ် မေလ ၂၄ ရက်နေ့က ရပ်ကွက်ရုံးမှာ မဲပေးခွင့်ရှိသူစာရင်း လာကြည့်သူတချို့ကို တွေ့ရစဉ်
(Photo: AFP)

တစ်နိုင်ငံလုံးမှာ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရဝန်ထမ်းတွေထဲက မဲပေးခွင့်ရှိသူ အမည် စာရင်းတွေကို ရွေးကောက်ပွဲရက် ကြေညာပြီးနောက်မှ ထုတ်ပြန်မှာဖြစ်တယ်လို့ နေပြည်တော် ရွေးကောက် ပွဲကော်မရှင် က ပြောပါတယ်။

ရွှေ့ပြောင်းနေရတဲ့ အစိုးရဝန်ထမ်းတွေအနေနဲ့ သူတို့ဘယ်နေရာမှာ မဲပေးချင်လဲ ဆိုတာကို သက်ဆိုင်ရာဝန်ကြီး ဌာနတွေက စာရင်းကောက်ယူပြီးမှ ကော်မရှင်က ထုတ်ပြရမှာဖြစ်တယ်လို့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးအောင်ထက်ကျော် က ပြောပါတယ်။

"ဝန်ထမ်းတွေက တချို့နာမည်စာရင်းထုတ်ပြန်လိုက်ပြီ၊ ကျန်တဲ့သူတွေက ပုံစံ ၃(က)နဲ့ ဘယ်မှာပေးလဲမသိဘူး၊ တချို့ရန်ကုန်မှာရှိတယ်၊ မန္တလေးမှာရှိတယ်၊ ပြည် မှာရှိတယ်၊ လောလောဆယ်ဝန်ကြီးဌာနက ကောက်မှာပေါ့၊ ဘယ်သူကဘယ်မှာပေးမယ်၊ သူ့ဒေသသူပြန်ပေးမယ်၊ ဒီမှာပေးမယ်ဆိုတာကို ကျနော်တို့က စာရင်းရရင် ထုတ်ပြန်မှာပါ"

ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက လက်ရှိထုတ်ပြန်နေတဲ့ မဲပေးခွင့်ရှိသူ စာရင်းတွေမှာ အိမ်ထောင်စုစာရင်း ရှိတဲ့ ဝန်ထမ်းတချို့သာ မဲစာရင်းမှာ ပါဝင် ပြီး ရွှေ့ပြောင်းနေရသူတွေ နဲ့ တပ်မတော်သား မိသားစုတွေ မပါဝင် ပါဘူး။

ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက သူ့မဲဆန္ဒနယ်မှာ အစိုးရဝန်ထမ်း လေးသောင်းကျော် မဲစာရင်းမှာ မပါဘူးလို့ ပြောပါတယ်။

"အစိုးရရဲ့ဝန်ကြီးဌာနပေါင်းစုံက ဒီဇမ္ဗူသီရိနယ်မြေမှာဘဲရှိတဲ့အခါကျတော့ ၆၅ ရာခိုင်နှုန်းက အစိုးရဝန်ထမ်းဖြစ်ပြီးတော့ ၃၅ ရာခိုင်နှုန်းကတော့ သာမန် အရပ်သား တွေဖြစ်တယ်၊ အဲ့တော့ အခုမဲစာရင်းတွေထွက်လာတဲ့အခါမှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲရဲ့အခြေအနေအရဆိုရင် မဲပေးနိုင်တဲ့လူဦးရေစာရင်း က ၆ သောင်းကျော် ရှိပါတယ်၊ ဒီ ၆ သောင်းကျော်မှာ အခုထွက်လာတာ ဝန်ထမ်းဦးရေ ၄ သောင်းကျော် လောက်ပျောက်နေတယ်လို့ ခန့်မှန်းရတယ်"

တစ်နိုင်ငံလုံးမှာ အစိုးရဝန်ထမ်း ၁ ဒသမ ၃ သန်းကျော်ရှိတယ်လို့ ၂၀၁၄ ခုနှစ် လူဦးရေ နဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းထုတ်ပြန်ချက်အရ သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈မြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၄ မြို့နယ်မှာ မဲပေးပိုင်ခွင့် ရှိသူစာရင်းတွေကို ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကနေ ဒီနေ့ အထိ ကြေညာထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။