ပြည်ထဲရေးဝန်ကြီးပယ်ချတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး မူကြမ်း

ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဗဟိုမှ တိုက်ရိုက်ခန့်အပ်တဲ့စံနစ်ကို ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော် ဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေမူကြမ်းကော်မီတီက ပြန်လှန်သုံးသပ်ဖို့ အမျိုးသားလွှတ်တော် ဥက္ကဌက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ခေါင်းဆောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က သူ့အနေနဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို မဲဆန္ဒနဲ့ရွေးကောက်တင်မြှောက်ဖို့ တင်ပြခဲ့တဲ့အကြောင်း လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက ပြန်လည်ဆွေးနွေးပြီး အမျိုးသားလွှတ်တော် ဥက္ကဌက ဒီဥပဒေကြမ်းကို ပြန်လည်သုံးသပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းခဲ့တဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ လူထုဆန္ဒမဲနဲ့ ရွေးချယ်ဖို့ အဆိုကို ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဦးကိုကိုက လက်မခံပဲ ဆန့်ကျင်ဘက် အဆို တင်သွင်းပြီး မဲခွဲဆုံးဖြတ် ပယ်ချခဲ့ပါတယ်။

အခု ဒီအဆိုကို အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မီတီက ပြန်လည် စိစစ်ပြီး အမျိုးသား လွှတ်တော်ကို ပြန်လည် တင်ပြရမှာ ဖြစ်ပါတယ်။

သဘောမတူညီခဲ့ရင် ပြည်ထောင်စု လွှတ်တော်ရဲ့ ဥပဒေကြမ်း ပူးပေါင်း ကော်မီတီကို တင်ပြရမှာ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးရမှာပါ။

အဆိုတင်သွင်းသူ ဒေါက်တာအေးမောင်နဲ့ RFA က မခင်ခင်အိ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org