နတ်ချောင်းရွာကို စစ်တပ်က တတိယအကြိမ်မီးရှို့၊ အိမ် ၁၅ဝ ခန့်လောင်ကျွမ်း
2022.04.11

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာရှိတဲ့ နတ်ချောင်းရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ ဧပြီလ ၁ဝ ရက်နေ့က ရောက်လာပြီး တတိယအကြိမ်အဖြစ် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
နှစ်ရက်ကြာ မီးရှို့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်ထွက်သွားပြီဖြစ်ပေမယ့် မနေ့ကညပိုင်းအထိ အိမ်တချို့ကို မီးလောင်ကျွမ်းဆဲ ဖြစ်တယ်လို့ ဒေသခံကျောင်းဆရာ ကိုအောင်ဆန်းက ပြောပါတယ်။
“နတ်ချောင်းဘက်ကို မနေ့ကစပြီး ချဉ်းကပ်လာတယ်။ နတ်ချောင်းမှာ ထိတွေ့မှုတချို့ ဖြစ်တယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့။ ညမှာ မီးစတင်ရှို့ပါတယ်။ ဒီမနက်စောစောမှာ အဲ့မှာ မီးထပ်ရှို့ပါတယ်။ ဒီနေ့ တစ်နေ့လုံးနီးနီး မီးရှို့ပါတယ် သူတို့။ အခုညနေပိုင်းကျမှပဲ ပြန်ဆုတ်သွားတယ်ပေါ့ ကလေးမြို့ဘက်ကို။ နောက်ချန်တပ်တွေက အခုချိန်ထိ နတ်ချောင်းရွာရဲ့ မြောက်ဘက် သုံးမိုင်လောက်အကွာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့မှုတွေ ဖြစ်နေတုန်းပါပဲ။ လက်နက်ကြီးသံတွေ ကြားနေရတုန်းပဲ ဖြစ်ပါတယ်”
“စားဖို့ဆိုပြီးမှ ထားတဲ့ စပါးလေး ၁၅ဝ လောက်ပါသွားတယ်။ အိမ်ကလည်းမနှစ်ကမှ ဆောက်ထားတဲ့ အိမ်လေး၊ နေတောင်မှ မနေရသေးဘူး”
ဒီရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ မတ်လတွေက စစ်ကောင်စီတပ်ဖွဲ့တွေ နှစ်ကြိမ်တိုင် လာရောက် မီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၁၂ဝ ခန့်မီးလောင်ကျွမ်းခဲ့ပြီးဖြစ်ပါတယ်။ အခုအကြိမ်မှာတော့ အိမ်ခြေ ၁၅ဝ ခန့် လောင်ကျွမ်းတယ်လို့ ရွာခံတွေက ခန့်မှန်းပါတယ်။ မနေ့ညအထိ အတိအကျ စာရင်းကောက်လို့ မရသေးပါဘူး။

စစ်ကောင်စီတပ်တွေ ဝင်လာလို့ ရွာနဲ့ သုံးမိုင်အကွာ တောထဲကို ထွက်ပြေးသွားခဲ့တဲ့ ကျေးရွာသူ ဒေါ်အေး ဟာ သူအခုညနေ ပြန်လာတဲ့အခါ မီးလောင်ကျွမ်းပြီးစ သူ့အိမ်ကို မြင်ရပါတယ်။ ပဲစိုက်တဲ့ တောင်သူ ဒေါ်အေးတို့ ဇနီးမောင်နှံဟာ တခြားသူတစ်ယောက်ရဲ့ အိမ်မှာ ၁၇ နှစ်ကျော်ကြာ မှီခိုနေထိုင်ပြီး စုဆောင်းရငွေနဲ့ အခု မီးလောင်သွားတဲ့ အိမ်ကလေးကို ဆောက်ခဲ့တာ ၁ဝ ရက်လောက်ပဲ ညအိပ်ဖူးတယ်လို့ ဆိုပါတယ်။ သူ့ခင်ပွန်းနဲ့ သမီးငယ်လေးတွေ စိတ်ထိခိုက်မှာစိုးလို့ သူမငိုဘူး၊ စိတ်တင်းထားတယ်လို့ မီးလောင်မြေကနေ ဒေါ်အေး က RFA ကို ပြောပါတယ်။
“စားဖို့ ဆိုပြီးမှ ထားတဲ့ စပါးလေး ၁၅ဝ လောက် ပါသွားတယ်။ အိမ်ကလည်း မနှစ်ကမှ ဆောက်ထားတဲ့ အိမ်လေး၊ နေတောင်မှ မနေရသေးဘူး။ ပြောရရင်။ တော်တော်ကို အားတင်းနေရတယ်။ ပြောရရင် တကယ်တော့ မတင်းချင်ဘူး။ ငိုချင်တာ။ သူများအိမ်မှာ ကပ်နေရတာ။ ကိုယ့်အိမ်နဲ့ကိုယ် နေချင်လို့ တခြား ဘာပစ္စည်းမှ မဝယ်ဘဲ ဒီအိမ်ကို ဆောက်ခဲ့ရတာ။ သူများအိမ်မှာ ကပ်နေရတဲ့ ဘဝကို ရင်နာလွန်းလို့။ အခုတော့ ၁၇ နှစ် ၁၈ နှစ်လောက် စုခဲ့ရတဲ့ အိမ်ကလေးဟာ။ တောကနေ ပြန်လာကြည့်လိုက်၊ တောကနေ ပြန်လာကြည့်လိုက်နဲ့၊ ယောက်ျားက ပြောတယ်။ တစ်နေ့ အိမ်မီးရှို့ခံရရင်တဲ့ အိမ်လေး မအိပ်လိုက်ရဘဲ နေဦးမယ်။ လာအိပ်လိုက်ဦးဆိုလို့ ဆောင်းတွင်းက ၁ဝ ညလောက် လာအိပ်လိုက်ပါသေးတယ်။ ကိုယ်ကလည်း တောင်သူဆိုတော့ အိမ်မှာ အမြဲတမ်း မနေနိုင်ဘူးလေ။ ကျန်းမာရေးမကောင်းရင် နေဖို့ ရှိစုမဲ့စုလေး အကုန်စုထည့်ထားခဲ့ရတာ အိမ်ထဲကို။ ကိုယ့်စိတ်ထဲ ရှိသမျှ ခံစားချက်တွေအတိုင်း ငါ ငိုပစ်လိုက်ရင် သမီးတွေနဲ့ ယောက်ျားက ဒီထက်ပို စိတ်ဓာတ်တွေ ကျသွားမှာစိုးတယ်။ ဒါကြောင့်မို့လို့ ဝမ်းနည်းတာပါ။ မငိုဘူး။ ဘယ်တော့မှ မငိုဘူးလို့။ အခု မေးတော့ (ငိုသံဖြင့်) ကျွန်မ စိတ်ထဲမကောင်းဘူး”
အိမ်နဲ့အတူ မိုးတွင်းစားဖို့ စုထားတဲ့ စပါးတင်း ၁၅ဝ သိုလှောင်ထားတဲ့ စပါးကျီလည်း မီးထဲပါသွားပြီဖြစ်လို့ စုစုပေါင်း သိန်း ၅ဝဝ ခန့်ဆုံးရှုံးသွားခဲ့တယ်လို့ ဒေါ်အေးက ပြောပါတယ်။
တခြားရွာသား တစ်ယောက်ကတော့ ကိုရဲ ဆိုသူပါ။ သူပိုင်တဲ့ သိန်း ၃ဝဝ တန်အိမ်လည်း ပရိဘောဂတွေနဲ့ အတူ မီးလောင်သွားပါပြီ။ ပိုင်ဆိုင်မှုတွေ အကုန်ဆုံးရှုံးသွားခဲ့ပြီဖြစ်လို့ တော်လှန်ရေးသမားဘဝကို သူရွေးချယ်လိုက်ပြီလို့ ကိုရဲ က ပြောပါတယ်။
“အိမ်သုံးရေတွင်းတွေပေါ့။ တွင်းအဝကျယ်။ အဲဒီအထဲ ချထားတဲ့ ရေမြုပ် မီးစက်ပေါ့။ အိမ်မှာသုံးနေတဲ့ ကြိုးဆွဲမီးစက်ပေါ့။ အိမ်အသုံးအဆောင်ပစ္စည်း တော်တော် များများလည်း သူတို့ စိတ်ကြိုက် ဖျက်ဆီးပြီးတော့မှ ယူတဲ့ဟာလည်း ယူတယ်။ နောက်ပြီးတော့မှ ရွာမှာ စပါးစက်တို့ ဘာတို့ကျတော့ ခြောက်လုံးထိုး အင်ဂျင်တွေလေ။ အဲ့ဒီမှာ ရှိတဲ့ ပန့်အုံတွေ ဖြုတ်တယ်။ တန်ဖိုးကြီး ပစ္စည်းတွေကျတော့ မကျန်သလောက်ပါပဲ။ အကုန် ဖြုတ်ယူပြီးတော့မှ ခိုးသွားကြတာ။ သူတို့က စစ်ယူနီဖောင်း လုံးဝမဝတ်ဘဲနဲ့ အရပ်ဝတ် အရပ်စားနဲ့ သူတို့ရဲ့ ကျည်ကတ် ထည့်တဲ့ဟာတွေတော့ ဝတ်တယ်။ စစ်ဖိနပ် လုံးဝမစီးဘူး။ ကျွန်တော်တို့ ခံစားရတာကတော့ ဆုံးရှုံးပြီးသား ပစ္စည်းကို နှမြောတသ ဖြစ်နေတာမျိုးမရှိဘူး။ ကိုယ့်စိတ်ထဲမှာ အခုလောလောဆယ်ကတော့ သူတို့ကို ပြန်လုပ်နိုင်တဲ့ တော်လှန်ရေးတပ်သားတစ်ယောက် ဖြစ်ဖို့ပဲ စိတ်ထဲမှာ အာသီသ ပြင်းပြနေတယ်။ အဲ့လောက်ထိ စိတ်ဓာတ်တွေ မာသွားကြတာမျိုးပေါ့။ ပြည်သူကို လက်နက်ရှိရင် သူတို့က ဘယ်လိုပဲ ပုံသွင်းသွင်း သွင်းလို့ရတယ်ဆိုမျိုး သူတို့က ရိုက်သွင်းချင်တာ”

CDM ဗိုလ်ကြီး မင်းမောင်မောင် က အခုလို စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လူမဆန်မှုတွေဟာ နွေဦးတော်လှန်ရေးကို ပိုမို အားကောင်းလာစေမှာ မုချဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“ ပြည်သူ့အိုးအိမ်စည်းစိမ်ကို မကာကွယ်တော့ဘဲ တကယ်တော့ သူတို့မှာ လူစိတ်ပျောက်နေပြီ။ မိစ္ဆာစိတ်တွေ။ သူတို့မှာ ကိုယ်ချင်းစာတရားဆိုတာလည်း မရှိတော့ဘူး။ တဖြည်းဖြည်းနဲ့ ပြည်သူတွေက ရွံမုန်းလာသလိုပဲ။ တစ်ဖက်မှာ ပြည်သူတွေဟာ နာကြည်းမှုထက်ကို ပိုဆိုးသွားပြီဗျ။ မီးရှို့ခံရတဲ့ ရွာတွေမှာ ရှိနေတဲ့ ယောက်ျားသားတွေပဲ ဖြစ်ဖြစ်၊ လူငယ်တွေပဲ ဖြစ်ဖြစ် အကုန်လုံးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်သွားလိမ့်မယ်ဗျ။ ဒီအကြမ်းဖက်စစ်တပ်ကလည်း ဒါဟာ အခုမှလုပ်ထားလည်း မဟုတ်ဘူး။ အကြိမ်ကြိမ် လုပ်လာတဲ့ အရာတွေဖြစ်လာတဲ့ အတွက်ကြောင့်မို့လို့ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်ဗျာ စစ်တပ်တောင် မခေါ်သင့်တော့ဘူးဗျ။ ဒီအကြမ်းဖက် သောင်းကျန်းသူစစ်တပ် ပြည်သူ့ကျိန်စာ စူးပြီး မလွဲမသွေ ပြိုကွဲမှာတော့ ကျွန်တော် အခိုင်အမာ ပြောရဲတယ်ဗျ”
နတ်ချောင်းရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တောထဲကို ထွက်ပြေးဖို့မလွယ်ကူတဲ့အတွက် ရွာက ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းမှာသွားရောက် ခိုလှုံနေတဲ့ ရွာသူရွာသားတွေထံကနေ တယ်လီဖုန်းအလုံး ၂၅ဝ ကျော်ကို အဓမ္မ ခြိမ်းခြောက် လုယူသွားခဲ့ပြီး ဒုက္ခသည်တွေ စားသောက်ဖို့ ချက်ထားတဲ့ အစားအစာတွေကိုလည်း နှစ်ရက်ကြာ စားသောက်သွားခဲ့တယ်လို့ သိရပါတယ်။
အခုလို ရွာသားတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။