အာဏာရှင်ဆန့်ကျင်ရေးမှာ ကချင်တိုင်းရင်းသားတွေ ဆက်ပါဝင်ဖို့ NUG ဒုသမ္မတ တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ အာဏာရှင်စနစ်ကို လုံးဝဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ကြိုးပမ်းတည်ဆောက်နေချိန် ကချင်ဒေသက တိုင်းရင်းသားတွေအားလုံး ဆက်လက်ပူးပေါင်း ပါဝင်ပေးကြဖို့ NUG ဒုသမ္မတ ဒူဝါလရှီးလက ဇွန် ၉ ရက်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ တာမခန်မြို့သစ်က ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ၂၀၂၁၊ မေ ၂၁ ရက်နေ့က လှည့်လည်ဆန္ဒပြကြစဉ် Photo: Citizen Journalist

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ အာဏာရှင်စနစ်ကို လုံးဝဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ကြိုးပမ်းတည်ဆောက်နေချိန် ကချင်ဒေသက တိုင်းရင်းသားတွေအားလုံး ဆက်လက် ပူးပေါင်း ပါဝင်ပေးကြဖို့ NUG ဒုသမ္မတ ဒူဝါလရှီးလက ဇွန် ၉ ရက်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ကချင်ဒေသအတွင်း တစ်ကျော့ပြန်စစ်ပွဲတွေပြန်ဖြစ်တဲ့ ၁၀ နှစ်ပြည့်မှာ NUG ဒုတိသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပို့ပြီး အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တိုက်ပွဲတွေကြောင့် ကချင်ဒေသမှာ စစ်ဘေးရှောင် ၁၂၀၀၀၀ ကျော် ရှိခဲ့တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။

နဂိုကတည်းက လက်နက်ကိုင် ပဋိပက္ခတွေကြား တည်ငြိမ်မှုကင်းမဲ့နေတဲ့ ကချင်ပြည်နယ်ဟာ အရပ်သား အစိုးရက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်နေချိန်မှာ စစ်တပ်က အာဏာပြန်သိမ်းခဲ့တာကြောင့် “နူရာဝဲစွဲ လဲရာသူခိုးထောင်း” ဆိုသလို ပိုပြီးခက်ခဲစေခဲ့တယ် ဒူဝါလရှီးလက ပြောပါတယ်။

အခုတော့ NUG က အာဏာရှင်စစ်တပ်ကို မြန်မာ့မြေပေါ်ကနေ ဖျက်သိမ်းတွန်းလှန်ရေးအတွက် အဓိကထား လုပ်ဆောင်နေပြီဖြစ်သလို KIA ကလည်း လူထုနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့အတွက် ကချင် ဒေသမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မြေကြီးလက်ခက်မလွဲ ရောက်ရှိလာတော့မယ်လို့ ဒူဝါလရှီးလ ရဲ့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇွန် ၉ ရက်နေ့ဟာ ကချင်ဒေသမှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကြား တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်လာတာ ၁၀ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ KIA ဟာ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူခဲ့ပေမယ့် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှာတော့ ဆန်ဂန်မှာရှိတဲ့ KIA တပ်စခန်းကို စစ်တပ်က ရုတ်တရက်ဝင်စီးပြီး KIA ဒုတပ်ကြပ် ဂမော်ချန်းယိမ်းကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ရာကနေ ငြိမ်းချမ်းရေးပျက်ပြီး တစ်ကျော့ပြန်စစ်ပွဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org