၁၉၉၀ နှင့် ၂၀၁၀ ကိုယ်စားလှယ်များ ဆွေးနွေးဖို့ ဝါရင့် နိုင်ငံရေးသမားများ တိုက်တွန်း

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိဖို့အတွက် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲက ဖြစ်ပေါ်လာမဲ့ အစိုးရသစ်တို့ တွေ့ဆုံ ဆွေးနွေးရေးလုပ်ဖို့ ဒီကနေ့ ဒီဇင်ဘာ ၁ ရက် အမျိုးသားနေ့ အခါသမယမှာ ဝါရင့် နိုင်ငံရေးသမားကြီးတွေက တိုက်တွန်းလိုက်ပါတယ်။

အနှစ် ၉၀ မြောက် အမျိုးသားနေ့ အထိမ်းအမှတ်ပွဲကို အဖွဲ့ခေါင်းဆောင် သခင်သိန်းဖေရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပြီး၊ ကြေညာချက်တစောင် ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ နဲ့၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က သူတွေ့မြင်ခဲ့ရတဲ့ ဒီကနေ့ အခမ်းအနား အခြေအနေနဲ့ ဝါရင့် နိုင်ငံရေးသမားကြီးတွေရဲ့ ကြေညာချက်ကို အခုလို ပြန်ပြောပြခဲ့ပါတယ်။

“ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့ လာတယ်။ ကျွန်တော်တို့ MP တွေ တော်တော်များများလည်း ရောက်ကြတယ်။ အမျိုးသားရေး ဦးဝင်းနိုင်တို့ ဘာတို့ လာတာ တွေ့တယ်။ နောက် ဦးထွေးမြင့်လေ၊ သူတို့လည်း လာတာ တွေ့ကြတယ်။ လူကြီးတွေ တော်တော် စုံသားပဲ။ သခင် သိန်းမောင်တို့လည်း လာတယ်။ အမျိုးသား စေ့စပ်ညှိနှိုင်းရေးအတွက်ကို အကျိုးရှိရှိ ဆောင်ရွက်ဖို့ပေါ့။ အပိုဒ် ၉ ပိုဒ်ပါတယ်ဗျ။ အဲ အပိုဒ် ၈ မှာကတော့ အခု ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ရော၊ တခြား နိုင်ငံရေးပါတီတွေရောနဲ့ကို အခု ၂၀၁၀ ရွေးကောက်ပွဲကနေ အတည်ဖြစ်လာမဲ့ အစိုးရသစ် အနေအထားနဲ့ ဒါ တွေ့ဆုံ ဆွေးနွေးဖို့ရာအတွက် ၂၀၁၀ ရွေးကောက်ပွဲကနေပြီးတော့ ဖြစ်ပေါ်လာမဲ့ အစိုးရသစ်ကို ကြိုတင်ပြီးတော့ မေတ္တာရပ်ခံပါတယ်လို့ ရေးထားတယ်။ အပိုဒ် ၉ မှာကတော့ ဒီ အခင်းအကျင်းတွေကို လွယ်ကူချောမွေ့နိုင်ဖို့ရန်အတွက်ကို အကျဉ်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ ဘာတွေ လွှတ်ပေးဖို့ သူတို့ ကြေညာချက် ထွက်တယ်။”

ဝါရင့် နိုင်ငံရေးသမားကြီးတွေအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အဓိကထားကြောင်း ဒါကြောင့်လွတ်လပ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကိုဖြတ်သန်း တွေ့ကြုံခဲ့ရတဲ့ ဝါရင့် နိုင်ငံရေးသမားကြီးတွေ အနေနဲ့အခုလို အမျိုးသားနေ့မှာ စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တိုက်တွန်းရတာ ဖြစ်ကြောင်း ဝါရင့် နိုင်ငံရေးသမားကြီးတဦး ဖြစ်တဲ့ ရွှေတောင် ဦးအုန်းမောင်က အခုလို ရှင်းလင်း ပြောကြားခဲ့ပါတယ်၊

“ဗိုလ်ချုပ်အောင်ဆန်းရဲ့ မှာကြားချက်၊ ဆုံးမ သြဝါဒပေးချက်တွေကို နာယူပြီးတော့ပေါ့၊ ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို လုပ်ကြပါလို့ ကျွန်တော်တို့က ကြိုတင်ပြီးတော့ နောက်တက်လာမဲ့ အစိုးရကို တိုက်တွန်းတဲ့သဘော ပါပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဝါရင့် နိုင်ငံရေးသမားများကတော့ ယုံကြည်ချက်နဲ့ ဒါ ကျွန်တော်တို့က တိုင်းပြည်ကောင်းစေချင်လို့၊ ငြိမ်းချမ်းစေချင်လို့၊ ညီညွတ်စေချင်လို့၊ ဒီမိုကရေစီ ရစေချင်လို့ ကျွန်တော်တို့က ကြိုးပမ်းနေတာပဲလေ။ ဒီအပေါ်မှာပဲ ရပ်တည်ပြီးတော့ ကျွန်တော်တို့ ယုံကြည်ချက်ကို ကျွန်တော်တို့ မစွန့်တမ်း၊ မလျှော့တမ်း ကျွန်တော်တို့ လုပ်သွားမှာပါ။ တလျှောက်လုံးလည်း ကျွန်တော်တို့ ဒီပေါ်မှာပဲ ရပ်တည်ခဲ့ပါတယ်။”

လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ က အမျိုးသားနေ့ကို ဖြစ်ပေါ်စေခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကနေ လွတ်လပ်ရေးရသည်အထိ ကောင်းကျိုးတွေကို ဖြစ်ထွန်း စေခဲ့တာကို သင်ခန်းစာယူပြီး အခုလည်း တိုင်းပြည် စည်းလုံးညီညွတ်ရေး ငြိမ်းချမ်းရေးအတွက် ပြုလုပ်ကြစေလိုကြောင်း ဝါရင့်နိုင်ငံရေးသမားကြီးတွေက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဝါရင့်နိုင်ငံရေးသမားများအဖွဲ့ရဲ့ အမျိုးသားနေ့နဲ့ ကြေညာချက်အကြောင်း ဝါရင့်အဖွဲ့က ရွှေတောင် ဦးအုန်းမောင်ကို RFA ဝိုင်းတော်သား ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org