UWSA နဲ့ SSA ကြား တင်းမာမှုကြောင့် ထိုင်းတပ်တွေ အသင့်ပြင်နေ
ထိုင်း မြန်မာနယ်စပ်မှာ UWSA ဝပြည်သူ့တပ်မတော်နဲ့ SSA ရှမ်းပြည်တပ်မတော်တို့ကြား အခြေအနေ တင်းမာနေတဲ့အတွက် တကယ်လို့ ထိပ်တိုက်ရင်ဆိုင်မှု တွေ ဖြစ်ပွားလာရင် စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင် လာကြဖွယ် ရှိနေတဲ့ အနေအထားနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အသင့်ပြင်ဆင်နေတယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
-
2012-06-19 -
-
-
ချင်းမိုင် အနီး မယ်အိုင်းခရိုင် တစ်ဘက်မှာ ဝတပ်ဖွဲ့ဝင် တစ်ထောင်ကျော်က SSA တပ်စခန်းတစ်ခုဖြစ်တဲ့ ချင်းရိုင်အနီး မယ်ဖာလောင်းခရိုင် တစ်ဘက်က ဒွိုင်ကိုဝမ်စခန်းကို ဝိုင်းဖို့ လှုပ်ရှားလာနေတယ်လို့ ဆိုပါတယ်။
အမှတ် (၃) ထိုင်းတပ်မတော် တပ်မှူး သာနရန်းက ထိုင်းတပ်ဖွဲ့တွေကို အသင့်အနေအထားမှာရှိဖို့၊ တကယ်လို့ UWSA နဲ့ SSA ကြား တိုက်ပွဲတွေဖြစ်လာလို့ ဒုက္ခသည်တွေ ဝင်ရောက်လာမယ်ဆိုရင် လိုအပ်တဲ့ အကူအညီတွေ ပေးကြဖို့၊ နှစ်ဘက်တပ်တွေ ထိုင်းနယ်နမိတ်ထဲ ကျွံဝင်မလာအောင် နယ်စပ်ကို စောင့်ကြပ်ဖို့ ညွှန်ကြားထားတယ်လို့ စစ်တပ်သတင်းရပ်ကွက်က ပြောဆိုကြောင်း ဘန်ကောက် ပို့စ်က ရေးသားပါတယ်။
SSA တပ်မှူးကတော့ မိမိတို့တပ်တွေကို အပြည့်အ၀ တပ်လှန့်ထားဖို့ SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယောဆက်က ညွှန်ကြားထားကြောင်း ဘန်ကောက်ပို့စ်ကို ပြောဆိုပါတယ်။
SSA ပြောခွင့်ရသူကလည်း မိမိတို့နဲ့ မြန်မာအစိုးရကြား ဆက်ဆံရေး တိုးမြှင့်လာပြီး မူးယစ်ဆေးဝါး အရောင်းအဝယ် နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်လာတဲ့အပေါ် UWSA က မနှစ်မြို့တာကြောင့် စစ်ရေး အရ လှုပ်ရှားလာတာ ဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။