UWSA နဲ့ NDAA တပ်ဖွဲ့တွေကို အစိုးရက သတိပေးထား

တရုတ်-မြန်မာနယ်စပ်မှာ မြန်မာအစိုးရ က သတ်မှတ်ပေးထားတဲ့ နယ်နိမိတ် အပြင်ဘက်မှာ တပ်စွဲထားတဲ့ UWSA ဝပြည် သွေးစည်းညီညွတ်ရေးတပ်နဲ့ NDAA မိုင်းလားတပ်တွေကို ဒီကနေ့ နောက်ဆုံးထား ပြီး ပြန်ဆုတ်ပေးဖို့ အစိုးရက သတိပေးထားတယ်လို့ သိရပါတယ်။

အစိုးရနှင့် အပစ်ခတ်ရပ်စဲထားတဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ် UWSA တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေစဉ် (Photo: Courtesy of UWSA)
ဧပြီလ ၂၈ ရက်နေ့မှာ ပန်ဆိုင်းဒေသက ဝ,တပ်ဖွဲ့ကို အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းညီ နဲ့၊ ကျိုင်းတုံက မိုင်းလားတပ်ဖွဲ့ကို တြိဂံဒေသတိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမတန်း) ဗိုလ်မှူးကြီးခင်မောင်ထွေးက အသီးသီး တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဒီနေ့မှ မဆုတ်ပေးရင် မြန်မာစစ်တပ်က အချိန်မရွေး ထိုးစစ်ဆင်မယ်လို့ ပြောဆိုခဲ့ကြောင်း မိုင်းလားတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းတွေအရ သိရပါတယ်။

ဒီသတင်း ရရှိချိန်မှာ ဝ,ပြည် သွေးစည်းညီညွတ်ရေးတပ်က အရေးပေါ် အစည်းအဝေး လုပ်နေကြောင်းနဲ့ ဝ, တပ်ဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ဒါပေမယ့် မြန်မာစစ်တပ်က တိုက်ခိုက်လာမယ်ဆိုရင် အဆိုးဆုံးကို မျှော်လင့်ထားကြောင်း ဝ, တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org