UWSA နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးတို့ တွေ့ဆုံ

'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA/UWSP ခေါင်းဆောင်တွေနဲ့ NLD ပါတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်တချို့ တရုတ် မြန်မာနယ်စပ်က ပန်ဆန်းမြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။

'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA/UWSP ခေါင်းဆောင်တွေနဲ့ NLD ပါတီ ကိုယ်စားလှယ်တွေ ဧပြီလ ၂၈ ရက်နေ့က ပန်ဆန်းမြို့မှာ တွေ့ဆုံစဉ် Photo: blog.sina.com.cn

'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA/UWSP ခေါင်းဆောင်တွေနဲ့ NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိုးဌေး တို့ တရုတ် မြန်မာနယ်စပ်က ပန်ဆန်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

UWSA/UWSP ဒုတိယ ဥက္ကဋ္ဌ ရှောက်မီလျံနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဋ္ဌေးတို့ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ သိရကြောင်း UWSA အဖွဲ့ရဲ့ မဟာမိတ်ဖြစ်တဲ့ TNLA တအာင်းပလာင်အဖွဲ့က ဗိုလ်မှူးချုပ် တာဂျုတ်ဂျား ကပြောပါတယ်။

"အဓိက အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုတဲ့သဘော သွားပြီးတော့တွေ့ဆုံတာပဲရှိမှာပါ၊ ကျန်တာ ကတော့ အသေးစိပ်တော့ ဆွေးနွေးမှာ မဟုတ်ပါဘူး၊ လက်ခံရမှာပေါ့ အစိုးရသစ် NLD ပဲလေ၊ ဒါကတော့ ငြင်းလို့မှမရတဲ့ကိစ္စပဲလေ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရအဖွဲ့နဲ့ လည်း တောက်လျှောက်တွေ့မယ့်ကိစ္စတွေပဲလေ၊ ဒါကတော့ လက်ခံရမယ်လေ"

ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးက ဘာမှ ထုတ်ဖေါ်ပြောဆိုလို့ မရကြောင်း အာအက်ဖ်အေက မေးရာမှာ ပြောပါတယ်။ UWSA ရုပ်သံမီဒီယာက တွေ့ဆုံတဲ့အကြောင်းကို သတင်းထုတ်ပြန်ပြီးဖြစ်တယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးဟာ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကော်မတီဝင် အဖွဲ့ဝင် ဖြစ်ပါတယ်။ အဲဒီ ကော်မတီဥက္ကဌ ဦးခွန်မောင်သောင်းက သူမသိရှိသေးကြောင်း ကော်မတီအနေနဲ့ သွားတာမဟုတ်ကြောင်း ပြောပါတယ်။

'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အဖွဲ့နဲ့ NDAA မိုင်းလားတပ်ဖွဲ့တို့ဟာ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် NCA လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုက်ရိုက်ပါဝင်သွားမယ်လို့ ပြောထား တာကြောင့် သူတို့ရဲ့ သဘောထားကို သိနိုင်ဖို့ တွေ့ဆုံတဲ့ သဘောဖြစ်နိုင်ကြောင်း ဗိုလ်မှူးချုပ် တာဂျုတ်ဂျား က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် တစ်လ နှစ်လ အတွင်း စတင်နိုင်အောင် ဝိုင်းကြိုးစားကြဖို့နဲ့ အဲ့ဒီငြိမ်းချမ်းရေး ညီလာခံမှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုး ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာစေလိုကြောင်းလည်း ပြောထားပါတယ်။

အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး နိုင်ငံရေးဆွေးနွေးပွဲတွေ မစခင် သူတို့အချင်းအချင်း တွေ့ဆုံ ဖို့ရှိတယ်လို့ ဗိုလ်မှူးချုပ် တာဂျုတ်ဂျား က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org