နိုင်ငံ့ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးဖို့ ဝ နဲ့ မိုင်းလား အဖွဲ့တွေ နေပြည်တော် ရောက်ပြီ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ကို တွေ့ဆုံဆွေးနွေးဖို့အတွက် မိုင်းလား အထူးဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကို ဒီကနေ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။

နေပြည်တော်ကို ဇူလိုင်လ ၂၈ ရက်နေ့က ရောက်ရှိလာတဲ့ မိုင်းလားအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း(အလယ်)နဲ့အဖွဲ့ကို ငြိမ်းချမ်းရေးကော် မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး(ဝဲ)၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်(ယာ)တို့နဲ့အတူ တွေ့ရစဉ် Photo: Kyaw Ye Myo Chit

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ကို တွေ့ဆုံဆွေးနွေးဖို့အတွက် မိုင်းလား အထူးဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကို ဒီကနေ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။ မနေ့ကလည်း လူအင်အား ၉ဝ ခန့်ပါဝင်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ဒု-ဥက္ကဋ္ဌ ဦးပေါင်ယူယိ ဦးဆောင်တဲ့အဖွဲ့ ရောက်ရှိခဲ့ပါတယ်။

အဲ့ဒီ ဝနဲ့ မိုင်းလား တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို မနက်ဖြန် တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အတည်ပြု ပြောကြားပါတယ်။

"၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာကျင်းပဖို့၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ ပါဝင်ဖို့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ဒါတွေဆွေးနွေးကြမှာပါ၊ ဝ ရော မိုင်းလားရော အထူးဒေသ (၂)၊ အထူးဒေသ (၄)ရယ် နှစ်ဖွဲ့စလုံးပေါ့၊ ခေါင်းဆောင်ပိုင်းနဲ့ပဲတွေ့မှာ"

အခု ခရီးစဉ်ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေး အတွက် အရေးကြီးလှတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်သလို ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်တဲ့ ခရီးစဉ် တစ်ခု ဖြစ်တယ်လို့လည်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။

နေပြည်တော်ကို ရောက်ရှိလာခဲ့တဲ့ ဝ နဲ့ မိုင်းလားအဖွဲ့တွေကို ငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦး တို့က ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org