မြန်မာ့ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်စိုးရိမ်

အမေရိကန်နိုင်ငံခြားရေးဌာန ဦးဆောင်ကျင်းပတဲ့ ၂ဝ၁၉ ခုနှစ် ဘာသာရေးလွတ်လပ်မှု မြှင့်တင်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံကနေ မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း သီးသန့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို State Department Photo

မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ဦးဆောင်ကျင်းပတဲ့ ၂ဝ၁၉ ခုနှစ် ဘာသာရေးလွတ်လပ်မှု မြှင့်တင်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံကနေ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံ ပူးတွဲလက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သီးသန့်ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပေးဖို့၊ တခြားသူတွေအပေါ် ဒီလွတ်လပ်ခွင့် ပိတ်ပင်သူတွေကို အရေးယူဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာနဲ့ မွတ်စလင်တွေ၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ အပါအဝင် မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူနည်းစုတွေဟာ ဘာသာရေးယုံကြည်ချက်ကြောင့် ခွဲခြားဆက်ဆံ ခံနေရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးရှင်းလင်းမှုနဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တုန်လှုပ်မိကြောင်း၊ မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေပြီး ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်နဲ့ ခရီးသွားလာခွင့် ကန့်သတ်ထားကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့ပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အရပ်သား တသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့အပေါ် စိတ်ပျက်မိကြောင်းလည်း ဖော်ပြပါတယ်။ တခြားဒေသတွေမှာလည်း ဘာသာရေးခေါင်းဆောင်တွေကို အရပ်ဖက်စစ်ဖက် အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းတာ၊ ခရီးသွားလာခွင့်နဲ့ ဘာသာရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့် ကန့်သတ်တာ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ ဖျက်ဆီးတာ၊ ပြုပြင်မွမ်းမံခွင့်မပြုတာ၊ မြေယာတွေ သိမ်းယူတာ၊ ဝန်ထမ်းခန့်ထားရမှာ ဘာသာလူမျိုး ခွဲခြားဆက်ဆံတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနတွင် ကျင်းပသည့် ဘာသာရေးလွတ်လပ်မှု မြှင့်တင်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံ (၂ဝ၁၉ ဇူလိုင် ၁၇)
(State Department Photo)

မြန်မာနိုင်ငံမှာ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန် ဖြစ်တာမို့ ဘာသာလူမျိုးမခွဲဘဲ အားလုံး ညီတူညီမျှ မဲပေးပိုင်ခွင့်ရှိအောင် ဆောင်ရွက်ပေးဖို့၊ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ ကိုယ်စားလှယ်တွေအကြား ငြိမ်းချမ်းစွာ မဲဆွယ်ယှဉ်ပြိုင်ခွင့်ပြုဖို့လည်း ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။ ဘာသာလူမျိုး မခွဲခြားဘဲ အားလုံး တန်းတူညီမျှ မဲပေးခွင့်နဲ့ နိုင်ငံသားအခွင့်အရေး ရှိဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာအာဏာပိုင်တွေ အနေနဲ့ နိုင်ငံတွင်းနေထိုင်သူ အားလုံးအတွက် အခြေခံဥပဒေက ပြဌာန်းပေးအပ်ထားတဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးယူဖို့၊ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူတွေကို ကန့်သတ်မှုမရှိဘဲ ကူညီခွင့်ပြုဖို့၊ အားလုံးကို ဥပဒေနဲ့အညီ တန်းတူ အကာအကွယ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆွေးနွေးအဖြေရှာကြဖို့လည်း တောင်းဆိုကြောင်း၊ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အိုးအိမ်ရွှေ့ပြောင်း နေထိုင်သူတွေ လုံခြုံစိတ်ချမှုရှိရှိ သိက္ခာရှိရှိ နေရပ်ပြန်လာနိုင်ရေးအတွက် အာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့အညီ ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ပူးတွဲလက်မှတ်ထိုးထားတဲ့ နိုင်ငံတွေကတော့ ယူကရိန်း၊ အဇာဘိုင်ဂျန်၊ ဘင်္ဂလားဒေ့ရှ်၊ ကိုဆိုဗို၊ ဆိုက်ပရပ်၊ လက်ဘနွန်၊ ဗြိတိန်၊ ဂျော်ဒန်၊ ဂျော်ဂျီယာ၊ မာရှယ်ကျွန်းနိုင်ငံနဲ့ အာရပ်စော်ဘွားများနိုင်ငံတို့ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org