မြန်မာပြည်အရေး အမေရိကန်၊ NUG နဲ့ တိုင်းရင်းသားသုံးဖွဲ့ ဆွေးနွေး

မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ တိုက်ရိုက်ထောက်ပံ့ဖို့အပြင် အကူအညီတွေ ထပ်တိုးပေးဖို့ ဆွေးနွေးခဲ့တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

NUG နှင့် တိုင်းရင်းသား သုံးဖွဲ့ ခေါင်းဆောင်များအား ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ Yuichi Nitta

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ တွမ်ဆူလီဗန်နဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ (USAID) က လက်ထောက်အကြီးအကဲ Michael Schiffer တို့ဟာ မြန်မာ့ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အပြင် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က ခေါင်းဆောင်တွေနဲ့ ဩဂုတ် ၁၆ ရက်နေ့က အွန်လိုင်းကတစ်ဆင့် တွေ့ဆုံပြီး အရပ်သားအုပ်ချုပ်ရေးစနစ်နဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အားကောင်းဖို့ ကူညီသွားမယ့်အကြောင်း ဆွေးနွေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့က ခေါင်းဆောင်တွေ ပါဝင်ခဲ့ပြီး မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ တိုက်ရိုက်ထောက်ပံ့ဖို့အပြင် အကူအညီတွေ ထပ်တိုးပေးဖို့ ဆွေးနွေးခဲ့တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့အဖွဲ့အားလုံးကို ချီးကျူးဂုဏ်ပြုတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့ ဘယ်အဖွဲ့အစည်းမဆို တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် အမေရိကန်အစိုးရက ဆက်လက်ဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ ဒီတွေ့ဆုံပွဲမှာ Burma Act ဥပဒေအရ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေတင်မကဘဲ လူကို သေစေနိုင်ခြင်းမရှိတဲ့အရာတွေ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မဲ့ကိစ္စတွေပါ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ RFA ကို ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org