ပင်လုံ အကြိုညှိနှိုင်းမှုမှာ ပြည်နယ်အခြေခံဥပဒေပြဌာန်းခွင့်နဲ့ ပတ်သက်ပြီး သဘောတူညီမှုမရ
၂၁ ရာစုံပင်လုံညီလာခံမှာ ချုပ်ဆိုမယ့်၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) မှာ ပြည်နယ်ဖွဲ့ စည်းပုံ အခြေခံဥပဒေပြဌာန်းခွင့်နဲ့ဆိုင်တဲ့ အချက်ကို သဘောတူညီမူ မရတဲ့အတွက်၊ နောက်ပိုင်းမှသာ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
-
သက်စုအောင်၊ သီဟထွန်း
2020-08-17 -
-
-
ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းကော်မတီ UPDJC အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၀ သြဂုတ် ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Thet Su Aung/RFA
တိုင်းရင်းသား ပြည်နယ်တွေအတွက်၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းခွင့်နဲ့ဆိုင်တဲ့ ဝေါဟာရ အသုံးအနှုန်း အပိုင်းမှာ သဘောတူညီမှုမရခဲ့တဲ့အတွက် ၂၁ ရာစုပင်လုံမှာ မထည့်သွင်းတော့ဘဲ နောက်ပိုင်းမှသာ ဆက်လက် ဆွေးနွေးဖို့ ဆုံးဖြတ်ချက်ခဲ့တယ်လို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ UPDJC အစည်းအဝေးအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်နယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ အသုံးအနှုန်း ပိုင်းမှာ သဘောတူညီမှု မရသေးဘူးလို့ ပြောပါတယ်။
"အခေါ်အဝေါ်ပေါ့နော် ဝေါဟာရပိုင်းဆိုင်ရာမှာ ပြည်ထောင်စုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် သုံးနှုန်းတယ်။ အဲတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဘက်က အဆိုပြုချက်က ပြည်နယ်မှာ အခြေခံဥပဒေလို့ သုံးနှုန်းဖို့ ကိစ္စ၊ အဲဒီကိစ္စက နှစ်ဖက်ကြားမှာ သဘောတူညီမူ မရဘူး။ ဒါပေမဲ့ သဘောတရားအပိုင်းကတော့ ပြည်နယ်တွေရဲ့ အခြေခံဥပဒေ ရေးဆွဲခွင့်ကတော့ ဝိဝါဒကွဲပြားစရာ မရှိဘူး။ ဒါပေမဲ့ အမည်နာမ အခေါ်အဝေါ်မှာ နှစ်ဖက်သဘောတူညီချက် မရတဲ့အတွက် ဆက်လက်ဆွေးနွေးမယ်ဆိုပြီး ချန်ခဲ့တယ်။"
အစိုးရဘက်က ပြည်နယ်အခြေခံဥပဒေလို့ သုံးနှုန်းချင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ သုံးချင်တာကို ညှိနှိုင်းလို့မရတဲ့အတွက် ချန်လှပ်ခဲ့ရတာဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို ဒီမိုကရေစီမျိုးလဲ၊ ဘယ်လို ဖက်ဒရယ် စနစ်မျိုးလဲဆိုပြီး ဝေါဟာရ စကားရပ်တွေအပေါ် အငြင်းပွားနေတာက နိုင်ငံရေးပြဿနာမဟုတ်ဘဲ ယုံကြည်မှု ပြဿနာသာ ဖြစ်တယ်လို့ အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
"ဒီနေရာမှာ ဘယ်လို ဒီမိုကရေစီမျိုး၊ ဘယ်လို ဖက်ဒရယ်မျိုးဆိုပြီး နမူနာတွေ ဝေါဟာရတွေနဲ့ အငြင်းပွား နေကြတာတွေနဲ့ ပတ်သက်ပြီးလည်း ကျမ အနေနဲ့ ထောက်ပြလိုတာ တစ်ခုရှိပါတယ်။ ဝေါဟာရတွေ၊ စကားရပ်တွေ၊ အခေါ်အဝေါ်တွေ အပေါ်မှာ အငြင်းပွားနေတဲ့ အခက်အခဲတွေရဲ့ အရင်းခံ ဇစ်မြစ်ဟာ ယုံကြည်မှု တည်ဆောက်ရေးရဲ့ ပြဿနာပဲဖြစ်ပါတယ်။ နိုင်ငံရေးအရ ကြုံတွေ့ရတဲ့ ပြဿနာ မဟုတ်ပဲ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုအရ ကြုံတွေ့ရတဲ့ ပြဿနာတွေလို့ ဆိုနိုင်ပါတယ်။ နောက်ကြောင်း ပြန်ကြည့်လိုက်ရင်လည်း ဆန့်ကျင်ဘက် အစုအဖွဲ့တွေကြားမှာ နှစ်ပေါင်း ၇၀ ကျော် ဖုံးလွှမ်း ပိတ်လှောင်ထားခဲ့ကြတဲ့ သံသယတွေ၊ မယုံကြည်မှုတွေ၊ သဘောထားကွဲပြားမူတွေကို လျော့ချနိုင်ပြီး ယုံကြည်မှု တည်ဆောက်ရေးကို အများကြီး လုပ်ကြရဦးမှာ ဖြစ်ပါတယ်။"
စိတ်ကူး စိတ်သန်းထဲမှာ မျှော်မှန်းထားတဲ့ ပြည်ထောင်စုက စံပြုထိုက်တဲ့ စံနှုန်း ရာနှုန်းပြည့်ဖြစ်နိုင်ပေမယ့် ဘယ်လိုပုံစံနဲ့ ပြည်ထောင်စုကို တည်ဆောက်မလဲဆိုတာက ချဉ်းကပ်ပုံနဲ့ စဉ်းစားပုံက အရေးကြီးတယ်၊ ဖက်ဒရယ်တည်ဆောက်ရေးက ရေရှည်သွားရမှာဖြစ်လို့ အပေးအယူ အလျော့အတင်းလုပ်ဖို့ လိုတယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က အကြံပြုခဲ့ပါတယ်။
UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကတော့ ၂၁ ရာစု ပင်လုံမှာ ချုပ်ဆိုမယ့် စာချုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ချမှတ်ပေးထားတဲ့ ဖက်ဒရယ် အခြေခံမူ ၅ ချက်ထဲက အရေးအကြီးဆုံးအချက် ၁ ချက်ကျန်ခဲ့တယ်၊ အဲဒါကတော့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့်နဲ့ ပတ်သက်တယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေး သော့ချက်ဖြစ်တဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု သဘာတူစာချုပ် အစိတ်အပိုင်း ၃ မှာ ပါမလာမှာကို စိတ်မကောင်းဖြစ်မိတယ်လို့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဒီနေ့ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
"ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ကျနော်တို့ တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်း ၇၀ တောင်းဆိုလာတဲ့ ဖက်ဒရယ် အခြေခံမူထဲမှာ အရေးအကြီးဆုံး အခြေခံမူ ဖြစ်ပါတယ်။ ကျတော်တို့ တိုင်းရင်းသား လူမျိုးများ လက်နက်ကို တော်လှန်ရေး ဆင်နွှဲရ ခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပဲခေါ်ခေါ် ပြည်နယ် အခြေခံ ဥပဒေပဲခေါ်ခေါ် ဒါဟာ ဖက်ဒရယ် အခြေခံမူပါ။ ဒီအခြေခံ ဖက်ဒရယ်မူဟာ ငြိမ်းချမ်းရေး သော့ချက်ကြီးဖြစ်ပါတယ်။ ဒီဖက်ဒရယ် အခြေခံမူကြီး လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်းမှာ ပါမလာပဲ ကျန်ရစ်သွားမှာ ယူကျုံးမရ ဖြစ်မိပါတယ်။"
တဆက်တည်းမှာပဲ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်ကနေ NLD ဦးဆောင်တဲ့ အစိုးရလက်ထက်အထိ ၁၀ နှစ်တာကာလအတွင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်ခဲ့ရတာဟာ အဖွဲ့အားလုံးမှာရှိနေတဲ့ စိုးရိမ်စိတ်ကြောင့် ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
ဒီနေ့ နေ့လည်ပိုင်း ဆွေးနွေးပွဲအပြီး မိန့်ခွန်းမှာတော့၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက မနက်ပိုင်း အဖွင့်မိန့်ခွန်းမှာ ပြောခဲ့တဲ့ ပြည်နယ်ဖွဲ့စည်းပုံကိစ္စက သူ့ရဲ့တစ်ဦးထဲသဘောနဲ့ ပြောခဲ့တာဖြစ်ပြီး အပစ်ရပ် ၁၀ ဖွဲ့လုံးကို ကိုယ်စားမပြုဘူး၊ အဲဒီလို ပြောခဲ့တဲ့ အချက်အပေါ် တောင်းပန်တယ်လို့ ပြန်လည် ရှင်းပြခဲ့ပါတယ်။ ဆွေးနွေးပွဲအတွင်းမှာလည်း အဲဒီလို ပြောခဲ့တဲ့အတွက် အခြေအတင် ငြင်းခုန်ရတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကြားထဲမှာ ပြည်နယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ တူညီတဲ့ သဘောတူညီချက် မရသေးဘဲ ဆက်လက်ဆွေးနွေးရဦးမယ်လို့ ပြောကြပါတယ်။
နိုင်ငံရေးပါတီတွေ ဘက်ကို ကိုယ်စားပြုတက်ရောက်လာတဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အထွေထွေ အတွင်းရေးမှူး ၁ စိုင်းကျော်ညွန့်က ပြည်နယ်ဖွဲ့စည်းပုံ ကိစ္စက နိုင်ငံရေးပါတီတွေဘက်ကပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆွေးနွေးဖို့လိုတယ်လို့ သတင်းစာရှင်းလင်းပွဲ မှာပြောသွားပါတယ်။
"ဒီကိစ္စကတော့ ကျတော်တို့နိုင်ငံရဲ့ အရေးကြီးဆုံး ကိစ္စလည်းဖြစ်တယ် အဲတော့ EAO တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရနဲ့ ဒီအပေါ်မှာ ဆက်ဆွေးနွေးမယ် ဒီပွဲမှာ သဘောမတူလိုက်နိုင်တာပဲ ကျတော်တို့ နိုင်ငံရေးပါတီကတော့ ကြိုဆိုပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆွေးနွေးရအုန်းမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လိုပါ၊ ဒီလောက်ပဲပြောချင်ပါတယ်။"
မွန်ပြည်သစ်ပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးကတော့ ပင်လုံမှာ ချုပ်ဆိုမယ့် စာချုပ်ပါ အချက်တွေက ဖက်ဒရယ်နဲ့ ဒီမိုကရေစီ စနစ်ကို တည်ဆောက်ဖို့ တစ်စိတ်တစ်ပိုင်းတော့ ပုံပေါ်လာပြီလို့ အပြုသဘောရှုမြင်ပြီး သုံးသပ်ပြောဆိုပါတယ်။
"ဒီအခု ကျတော်တို့ သဘောတူထားတဲ့ အချက် ၅ ချက်၊ လမ်းညွှန်အခြေခံမူ အချက် ၅ ချက်ကို ကြည့်မယ်ဆိုရင် ပုံတော့ တစ်စိတ်တစ်ပိုင်းတော့ ပေါ်လာပြီလို့ ပြောရမယ်။ ကျတော်တို့ အဓိကလိုတဲ့ လွှတ်တော်ရေးရာ ကိစ္စရယ်။ နောက်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကိစ္စရယ်နဲ့ ဇယား ၂ မှာ ပါတဲ့ အချက်အလက်တွေကို ပြန်ပြီးတော့ သုံးသပ်မယ်ဆိုရင် အစိတ်အပိုင်း တစ်ခုတော့ ပုံပါ်လာတယ်။ ပုံရိပ်တစ်ခုတော့ မြင်လာတာပေါ့နော်။"
ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ ပတ်သက်တဲ့ အချက်တွေ၊ လွှတ်တော် ပြင်ဆင်သတ်မှတ်ရေးနဲ့ ပတ်သက်တဲ့ အချက်တွေကတော့ ဒီတစ်ကြိမ်မှာ သဘောတူညီမှုမရခဲ့ဘဲ ၂၀၂၀ အလွန် ကာလမှာ ဆက်လက်ဆွေးနွေးရမှာဖြစ်ပါတယ်။
လာမယ့် သြဂုတ်လ ၁၉ ရက်နေ့မှ စတင်ကျင်းပမယ့် ၂၁ ရာစုပင်လုံကို UWSA ၀ အဖွဲ့၊ KIA ၊ တအာင်း ပလောင် TNLA စတဲ့ မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့ဝင်တွေ မတက်ရောက်နိုင်ပေမယ့်၊ AA အပါအဝင် တခြား အဖွဲ့တွေနဲ့ Bilateral ခေါ် နှစ်ဖက်အပစ်ရပ်လက်မှတ်ထိုးရေးကို ဆက်လက်ဆွေးနွေးသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က သတင်းထောက်တွေကို ရှင်းပြပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၁ ရာစုပင်လုံမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘာတူစာချုပ် အစိတ်အပိုင်း ၃ စာချုပ်ဟာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ လမ်းစဖြစ်ပြီး သမိုင်းဝင် ပဋိဉာဉ် တစ်ခုဖြစ်လာမယ်လို့ ပြောကြားသွားပါတယ်။