ရလဒ်ကောင်းတွေရဖို့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြင်ဖို့လို


2018.11.01
dr-slim-hulm-sar-khlumg-updjc-622.jpg နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်းအလုပ်အဖွဲ့ အစည်းအဝေးမှာ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကို တွေ့ရစဉ်
Photo: Thiha Tun/RFA

နိုင်ငံရေးပြောင်းလဲမှု အခြေအနေအရ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြင်ဆင်ဖို့ဆွေးနွေးတဲ့အခါ ရပ်တည်ချက်ကို တင်းတင်းမာမာ ဆုပ်ကိုင်မထားပဲ အလျော့အတင်းလုပ်နိုင်အောင် ပြင်ဆင်ထားဖို့ လိုတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပါတယ်။

စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမှာ ရလဒ်ကောင်းတွေရရှိဖို့ ပြင်ဆင်တဲ့အနေနဲ့ ပြုလုပ်တဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်နဲ့ လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးကို ရန်ကုန်မြို့ NRPC မှာ ဒီနေ့ ကျင်းပရာမှာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသွားတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် အစုအဖွဲ့က ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်လာပါတယ်။

ဒါပေမဲ့ KNU အဖွဲ့ကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှုကို ယာယီရပ်ဆိုင်းထားမယ်လို့ သူတို့ ထုတ်ပြန်ထားတဲ့အတိုင်း ဒီနေ့ ဆွေးနွေးပွဲကို တက်ရောက်လာတာ မတွေ့ရပါဘူး။

တဆက်တည်းမှာပဲ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေဖြစ်တဲ့ UWSA “ဝ” ၊ KIA ၊ SSPP/SSA နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ကို အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားထားပေမယ့် မိုင်းလားအဖွဲ့ NDAA တစ်ဖွဲ့ထဲကပဲ တက်ရောက်ဖို့ အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။