လက်နက်နဲ့ စစ်အင်အား ထောက်ပံ့ပေးဖို့ NUG နိုင်ငံတကာကိုတောင်းဆို
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ R2P ကို အကောင်အထည်ဖော်ပြီး စစ်အာဏာရှင်ကို ပြန်ခုခံနေတဲ့ မြန်မာပြည်က လက်နက်ကိုင်အဖွဲ့တွေကို တပ်ဖွဲ့အင်အား၊ လက်နက်အင်အား ချက်ချင်းထောက်ပံ့ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
- 2022-07-30
-
-
-
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ R2P ကို အကောင်အထည်ဖော်ပြီး စစ်အာဏာရှင်ကို ပြန်ခုခံနေတဲ့ မြန်မာပြည်က လက်နက်ကိုင်အဖွဲ့တွေကို တပ်ဖွဲ့အင်အား၊ လက်နက်အင်အား ချက်ချင်းထောက်ပံ့ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ဒီမိုကရေစီရေးလှုပ်ရှားသူလေးဦးကို သေဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရုရှားအပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ အားလုံးက ကန့်ကွက်ရှုတ်ချလိုက်ပြီးနောက် NUG အစိုးရဘက်က အခုလို တောင်းဆိုချက်ထွက်လာတာဖြစ်ပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြေညာချက်တွေ၊ ရှုတ်ချတာတွေ၊ လူသားချင်းစာနာမှု ခေါင်းစဉ်အောက်က ဆွေးနွေးနေတာတွေလောက်နဲ့ မြန်မာပြည်သူတွေရဲ့ ဘဝလုံခြုံရေးနဲ့ လွတ်လပ်မှုတွေအတွက် ဘာမှအထောက်အကူ မပြုဘူးလို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြင်းပြင်းထန်ထန်ပြောပါတယ်။
ယူကရိန်းနိုင်ငံကို လက်နက်တွေ ထောက်ပံ့ပေးတာ၊ အာဖဂန်နစ္စတန်နိုင်ငံကို လေကြောင်းကနေ ရိက္ခာတွေ ပို့ပေးနေပေမဲ့ မြန်မာပြည်သူတွေအတွက်တော့ ကမ္ဘာကြီးက နှုတ်ဆိတ်နေတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီစစ်အာဏာရှင်ကို ပြတ်ပြတ်သားသား အရေးယူဖို့ မြန်မာပြည်သူတွေရဲ့ အသက်တွေ နောက်ထပ်ဘယ်လောက်ထိ ပေးဆပ်ရဦးမလဲလို့လည်း သူက မေးခွန်းထုတ်ပါတယ်။
မကြာခင် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းချက်တွေကို အင်္ဂလိပ်ဘာသာနဲ့ ပြောခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်ရဲ့ ဝင်ငွေရလမ်းတွေကို လုံးဝ ဖြတ်တောက်ဖို့၊ နိုင်ငံတကာ ကိုယ်စားပြုမှု အားလုံးမှာ စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေကို ပါဝင်ခွင့်မပေးဘဲ ဆိုင်းငံ့ထားဖို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ R2P ကို အကောင်အထည်ဖော်ပြီး စစ်အာဏာရှင်ကို ပြန်ခုခံနေတဲ့ မြန်မာပြည်က လက်နက်ကိုင်အဖွဲ့တွေကို တပ်ဖွဲ့အင်အား၊ လက်နက်အင်အားပေးပို့ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအဖြစ် တရားဝင် သတ်မှတ်ဖို့ အချက်လေးချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ချက်ချင်းအကောင်အထည်ဖော်ဖို့ သူကတောင်းဆိုပါတယ်။
နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုချိန်မှာ စစ်ကောင်စီဘက်က တွေ့ခွင့်မပေးတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ထဲ ပို့လိုက်တာ၊ နိုင်ငံတကာက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် သေဒဏ်ချမှတ်ခံထားရသူတွေကို သေဒဏ်ကနေ ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုနေချိန်မှာ စစ်ခေါင်းဆောင်ဟာ တောင်းဆိုချက်တွေကို လျစ်လျူရူပြီး သေဒဏ်ချမှတ်ခဲ့တာ၊ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတကာက တောင်းဆိုချက်တွေကို ဂရုမစိုက်ဘဲ၊ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းလိုစိတ်မရှိဘူးဆိုတာ ပြသနေတယ်လို့လည်း ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။