ပဋိပက္ခဒေသတွေက ပြည်သူလေးသန်းခွဲအတွက် အကူအညီ အရေးတကြီးလိုအပ်နေ

မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာမှု အကူအညီ လိုအပ်မှုတွေ မြင့်တက်လာနေပြီး အကူအညီရောက်ရှိ ဆောင်ရွက်နိုင်ရေး အခြေအနေတွေလည်း ပိုမိုဆိုးဝါးလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှုးရုံး UNOCHA က မတ်လ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာမှုအကူအညီ လိုအပ်မှုတွေ မြင့်တက်လာနေပြီး အကူအညီရောက်ရှိ ဆောင်ရွက်နိုင်ရေး အခြေအနေတွေလည်း ပိုမိုဆိုးဝါးလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှုးရုံး UNOCHA က မတ်လ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂ဝ၂၃ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီ နှစ်လအတွင်း ပြည်သူ ၁၅၄,ဝဝဝ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ဒုက္ခသည်စခန်းတွေနဲ့ တောတောင်တွေထဲမှာ မရေရာတဲ့ ဘဝတွေနဲ့ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်နဲ့ပါဆိုရင် စစ်အာဏာသိမ်းပြီးနောက် နေအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁ သန်း ၃ သိန်းကျော် ရှိသွားပြီလို့ ဆိုပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ် အရှေ့တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး လူတွေ အသက်အန္တရာယ်ကျရောက်နိုင်ပြီး လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေလည်း နှောင့်နှေးစေတယ်လို့ ဆိုပါတယ်။

၂ဝ၂၂ ခုနှစ်မှာ လူဦးရေ ၄.၄ သန်းထံ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိခဲ့ပေမယ့်လည်း ကန့်သတ်ချက်တွေ နဲ့ ရန်ပုံငွေ မလုံလောက်မှုတွေကြောင့် စီစဉ်ထားတဲ့အတိုင်း ကဏ္ဍစုံကို မရောက်နိုင်ခဲ့ဘူးလို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခု ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာပြည်လူဦးရေ ရဲ့ သုံးပုံ တစ်ပုံ နီးပါးဖြစ်တဲ့ လူဦးရေ ၁၇.၆ သန်းကျော်အတွက် အကူအညီတွေ လိုအပ်တယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပဋိပက္ခဒေသတွေက အကူအညီဆိုးဆိုးဝါးဝါးလိုအပ်နေတဲ့ လူဦးရေ ၄.၅ သန်းအတွက် အဓိက ကူညီဖို့လိုအပ်နေတယ်လို့ လည်း ဆိုပါတယ်။ ဒီလူတွေကို ကူညီနိုင်ဖို့ ၂၀၂၃ ခုနှစ်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၆၄ သန်း ရဖို့ အလွန်အရေးကြီးတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org