မြန်မာနိုင်ငံအခြေအနေ UNHCR အကောင်းမြင်

မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အကောင်းမြင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကြီးတန်း အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

UNHCR လက်ထောက်မဟာမင်းကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ်။ UNHCR

မြန်မာပြည်ခရီးစဉ်အပြီး မနေ့ကနေ့စွဲနဲ့ ထုတ်ပြန်တဲ့ UNHCR ရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် UNHCR ဒုက္ခသည်များ အကာကွယ်ပေးရေးဆိုင်ရာ လက်ထောက် မဟာမင်းကြီး Erika Feller က အခုလို ပြောကြားလိုက်တာပါ။

Ms. Erika Feller က ထိုင်းမြန်မာနယ်စပ် မြန်မာဒုက္ခသည်တွေအရေး လေ့လာဖို့ ထိုင်းမြန်မာနယ်စပ်ကို သွားအပြီး မြန်မာနိုင်ငံကို ရောက်ခဲ့ကြောင်း၊ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အရင်က မရှိဖူး၊ မတွေ့ဖူးတဲ့ အခြေအနေ အခွင့်အလမ်းတွေ တွေ့ခဲ့ကြောင်း၊ ဒုက္ခသည် ပြဿနာတွေနဲ့ပတ်သက်လို့ ဖြေရှင်းနိုင်မယ့် အလားလာတွေလည်း တွေ့ခဲ့ရကြောင်း UNHCR သတင်းပြန်ကြားရေးဌာနနဲ့ မေးမြန်းခန်းမှာ ပြောကြားထားပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို နိုင်ငံခြားရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအပါအဝင် မြန်မာအစိုးရ အကြီးတန်း အရာရှိတွေ၊ နေပြည်တော်က လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

လက်ထောက်မဟာမင်းကြီးဟာ မြန်မာနိုင်ငံမှာ အစိုးရနဲ့ ပူးပေါင်းပြီး UNHCR စီမံကိန်းတွေနဲ့ လှုပ်ရှားဆောင်ရွက်ခွင့်တွေ ပိုရလာမယ်လို့ အပြုသဘောတွေ့ရှိရပြီး မြန်မာပြည်တွင်းမှာ UNHCR ဝန်ထမ်းတွေ အကန့်အသတ်နည်းနည်းနဲ့ လုပ်ငန်းဆောင်ရွက်ခွင့်တွေရဖို့လည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org