မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ ကျင်းပ

မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ သုံးလအတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ပြောခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward အား မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲမတိုင်ခင် သတင်းထောက်များအား ပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့က တွေ့ရစဉ်။ United Nations / Screenshot

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အပြင်းအထန် ရှုတ်ချပြီး ဒီတိုက်ခိုက်မှုတွေအတွက် တာဝန်ခံရမယ်လို့ ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၂ဝရက်နေ့ မနက်က မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲတွေ မစတင်ခင်မှာ သတင်းထောက်တွေကို ပြောလိုက်တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကနေ အောက်တိုဘာလအထိ သုံးလအတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ရှိခဲ့တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ဒါ့အပြင် မနှစ်ကစပြီး ပိုပြီးပြင်းအားကောင်းတဲ့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်းတွေ၊ အမြောက်ကျည်တွေ ပိုသုံးပြီး တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။ မြန်မာပြည်လူဦးရေ သုံးပုံတစ်ပုံကျော်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာစစ်တပ်ဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေဆဲဖြစ်ပြီး၊ ရွာတွေကို မီးရှို့တာ၊ အရပ်သားတွေကိုပါမချန် ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေကို အစုအပြုံလိုက်သတ်ဖြတ်တာ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်တာ၊ အဓမ္မစစ်သားစုဆောင်းတာတွေအပါအဝင် မကြုံဖူးတဲ့ ဒုက္ခတွေကို မြန်မာပြည်သူတွေ အကြီးအကျယ်ခံစားနေရတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာအသိုင်းအဝိုင်းတချို့ရဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ပံ့ပိုးပေးတာတွေကြောင့် ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဒါ့အပြင် ဒီတံခါးပိတ်ဆွေးနွေးပွဲကနေ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်တွေ ဖော်ဆောင်ပေးနိုင်ဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org