အရပ်သားတွေသတ်ဖြတ်မှု စစ်ကောင်စီကို လုံခြုံရေးကောင်စီ ရှုတ်ချ
သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြေညာချက်က ထပ်မံတိုက်တွန်းလိုက်ပါတယ်။
-
RFA Burmese
2023-08-24 -
-
-
တရုတ်နဲ့ ရုရှားမပါဘဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက မြန်မာနိုင်ငံမှာ အရပ်သားတွေကို မငဲ့မညှာဘဲ အကြမ်းဖက် သတ်ဖြတ်နေတာကို သြဂုတ် ၂၃ ရက်က ကျင်းပတဲ့ တံခါးပိတ်ဆွေးနွေးပွဲမှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
စစ်ခေါင်းဆောင်တွေကိုလည်း အတိုက်အခိုက်တွေရပ်ဆိုင်းဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ လူ့အခွင့်အရေး လေးစားလိုက်နာဖို့လည်း ထပ်မံတိုက်တွန်းလိုက်ပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာက ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာမှာ လုံလောက်တဲ့တိုးတက်မှုမရှိဘူးဆိုတဲ့ ပူးတွဲကြေညာချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၃ နိုင်ငံက ထောက်ခံပါတယ်။
လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် တရုတ်နဲ့ ရုရှားက ဆုံးဖြတ်ချက်ကို မသိချင်ယောင်ဆောင်တဲ့သဘောလို့ သုတေသနပညာရှင် ကိုကြည်စင် သုံးသပ်ပါတယ်။
“တရုတ်နဲ့ ရုရှား အနေနဲ့လည်း ကာဆီးတယ်ဆိုရင် မကောင်းတဲ့ဟာပါ။ ဒီဟာကို မသိချင်ယောင်ဆောင်တယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ ဘာလို့ဆို ဒီ ၁၅ နိုင်ငံမှာ ၁၃ နိုင်ငံက ဒီထုတ်ပြန်ချက်မှာ ပါတယ်ဆိုတော့လေ။”
ပူးတွဲကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်ဒုတိယအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး James Kariuki က ဖတ်ကြားပါတယ်။
မြန်မာနိုင်ငံကို မကြာခင်ကသွားရောက်တဲ့ ခရီးစဉ်အကြောင်း UNOCHA ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးအကြီးအကဲ Martin Griffiths နဲ့ မြန်မာ့ပြဿနာအဖြေရှာရေး ကြိုးပမ်းချက်တွေကို လက်ထောက် အထွေထွေအတွင်းရေးမှူး Mohamed Khaled Khiari တို့က တင်ပြပြီးတဲ့နောက် ပူးတွဲကြေညာချက်ကို ထုတ်ပြန်တာပါ။
ကြေညာချက်မှာ ၂၀၂၂ ဒီဇင်ဘာက ချမှတ်ခဲ့တဲ့ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်မြဲလိုအပ်နေတာကို ထပ်မံ တောင်းဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် တရားလက်လွတ် ဖမ်းဆီးခံထားရသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းတွေပြန်လည်ထားရှိဖို့၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာဖို့နဲ့ တရားဥပဒေစိုးမိုးရေးထိန်းသိမ်းဖို့ တောင်းဆိုပါတယ်။
၂၀၂၁ ဧပြီမှာ မြန်မာစစ်ခေါင်းဆောင် သဘောတူခဲ့တဲ့ အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း ဘုံသဘောတူညီချက် ငါးချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းပါတယ်။
ဒီငါးချက်ကို အကောင်အထည်ဖော်ရာမှာ အနည်းငယ်ပဲတိုးတက်တယ်လို့ ဆိုပါတယ်။
ဒီငါးချက်မှာ အပစ်အခတ်ရပ်စဲဖို့၊ အာဆီယံကိုယ်စားလှယ်က သက်ဆိုင်သူအားလုံးနဲ့ဆွေးနွေးဖို့ ပါရှိပါတယ်။
အာဆီယံ ကိုယ်စားလှယ် မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။
စစ်တပ်ရဲ့ လုပ်ရပ်ဟာ မြန်မာပြည်သူ ၁၈ သန်းကျော် လူသားချင်းစာနာမှု အကူအညီလိုအပ်ပြီး ၁၅ သန်းကျော်က ဝဝလင်လင် မစားရဘဲ လူနှစ်သန်း နေရပ်စွန့်ခွာရတယ်လို့ ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၃ နိုင်ငံက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က ဖြိုခွင်းလို့ ရိုဟင်ဂျာ မွတ်ဆလင် တစ်သန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရတာကိုလည်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြပါတယ်။
ပြဿနာရဲ့ မူလဇစ်မြစ်ကို ဖြေရှင်းဖို့နဲ့ ရိုဟင်ဂျာတွေကို အခွင့်အရေးတွေပြန်ပေးဖို့လည်း ကြေညာချက်က တိုက်တွန်းပါတယ်။
ဒီလို ကြေညာချက်တွေထုတ်ပြန်ရုံနဲ့ မလုံလောက်ဘဲ ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာ လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက မှတ်ချက်ပေးပါတယ်။
“အခု ကုလလုံခြုံရေးကောင်စီက ထုတ်ပြန်ချက်ထွက်လာတာပေါ့နော်။ ထွက်လာတဲ့ ဥစ္စာက မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ (Atrocities) ရက်စက်ကြမ်းကြုတ်တာတွေ ရှိနေတယ်ဆိုတာ ဒါ အသိအမှတ်ပြုတဲ့ သဘောရှိတယ်။ ပြီးရင် ဒါ အရေးကြီး သတိထားရမဲ့ ကိစ္စတစ်ခု အဖြစ် အသိအမှတ်ပြုတဲ့ သဘောဖြစ်တယ်။ ဒါပေမဲ့ ဒီထုတ်ပြန်ချက်ရဲ့နောက်မှာ၊ ဒီထုတ်ပြန်ချက် ဆိုတဲ့ဟာ၊ ရှုတ်ချတယ်ဆိုတဲ့ဟာတွေ ခုမှ ထွက်တဲ့ဟာမဟုတ်ဘူး။ ရှေ့ကတည်းက တောက်လျှောက်ထွက်နေတဲ့ ဟာတွေရှိတယ်။ နောက်ဆက်တွဲ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ နည်းနည်း စောင့်ကြည့်ဖို့လိုမယ်။ အဲဒီ ဆောင်ရွက်မှုတွေကိုလည်း ဒီထုတ်ပြန်ချက်နဲ့ အတူပေါ့နော် အရေးယူတာ၊ တားဆီးတာ၊ တကယ်ရပ်သွားအောင် လုပ်လို့ရနိုင်တဲ့ အရေးယူဆောင်ရွက်မယ့် အစီအစဉ် မျိုးထွက်လာနိုင်အောင်၊ စီစဉ်နိုင်အောင်လည်း သူတို့ဆက်ကြိုးစားဖို့လိုအုန်းမယ်လို့ ကျွန်တော်မြင်ပါတယ်။”
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM ကို ၂၀၁၈ မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွအဖွဲ့တွေဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အကြိမ်အရေအတွက် ပိုများလာရုံတင် မကဘဲ အရှက်အကြောက်မဲ့ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ IIMM က သြဂုတ် ၈ ရက်နေ့က ထုတ်ပြန်တဲ့ နှစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas- Greenfield က စစ်ကောင်စီရဲ့ ကြောက်ခမန်းလိလိ ရက်စက်ကြမ်းကြုတ်မှု ရပ်ဆိုင်းရမယ်လို့ ပြောပါတယ်။