မြန်မာနိုင်ငံမှာ စစ်ပွဲချက်ချင်းရပ်ဖို့ ကုလအထူးကိုယ်စားလှယ် တောင်းဆို

မြန်မာနိုင်ငံမှာ စစ်မက်ဖြစ်ပွားမှုတွေ ချက်ချင်းရပ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အာရုံစိုက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ဧပြီလ ၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကို တွေ့ရစဉ်။ UN Photo/ Cia Pak

ငလျင်ဘေးဒဏ် အကြီးအကျယ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ စစ်မက်ဖြစ်ပွားမှုတွေ ချက်ချင်းရပ်ပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အာရုံစိုက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ဧပြီလ ၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

သဘာဝဘေးဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာ စစ်တပ်က စစ်ရေးလုပ်ဆောင်မှုတွေ ဆက်လုပ်နေတာဟာ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ ရှိလာနိုင်တဲ့အပြင် သဘာ၀ဘေး တုံ့ပြန်ဆောင်ရွက်ရေးတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ သူကပြောပါတယ်။

ဘယ်အကြမ်းဖက်မှုကိုမဆို သူ့အနေနဲ့ ရှုတ်ချတယ်၊ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းတစ်ခုမှာ အကြမ်းဖက် မှုတွေ အဆုံးသတ်ဖို့လိုအပ်တယ်လို့လည်း သူကပြောပါတယ်။

ငလျင်ဟာ အရင်ကတည်းက ဆိုးရွားနေပြီးဖြစ်တဲ့ အခြေအနေတွေကို ပိုပြီးဆိုးဝါးစေသလို မြန်မာပြည်သူတွေ ကြုံနေရတဲ့ ပိုမိုနက်ရှိုင်းတဲ့ အားနည်းချက်တွေကိုလည်း ပေါ်လွင်လာစေတယ်လို့ ဆိုပါတယ်။

ဒီအကျပ်အတည်းကို နိုင်ငံတကာက အာရုံစိုက်ဖို့လိုအပ်သလို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းတွေဘက်ကလည်း လမ်းတွေဖွင့်ပေးဖို့လိုအပ်ပြီး အကူအညီပေးနေသူတွေကိုလည်း ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးရမယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org