ဦးခွန်ထွန်းဦး မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် ကုလ အထွေထွေညီလာခံ တက်ရောက်မည်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ လာမယ့် သီတင်းပတ်အတွင်း ကျင်းပမယ့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်မယ့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ထဲမှာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦး ကို အဖွဲ့ဝင်အဖြစ် မြန်မာအစိုးရကပါဝင်ဖို့ အမည်စာရင်း ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။
-
2012-09-16 -
-
-
ဦးခွန်ထွန်းဦးကို မြန်မာနိုင်ငံ ကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့မှာပါဝင်ဖို့ သမ္မတအကြံပေးအဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို ဦးခွန်ထွန်းဦး က လက်ခံလိုက်ပြီး မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက သံတမန်နိုင်ငံကူးလက်မှတ်ရရှိရေး ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် က RFA ကို အတည်ပြုပြောပါတယ်။
ဦးခွန်ထွန်းဦးဟာ လောလောဆယ် ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် NED အဖွဲ့က ချီးမြှင့်တဲ့ ဒီမိုကရေစီကြိုးပမ်းမှုဆုကို လက်ခံရယူဖို့ အမေရိကန်ပြည်ထောင်စုကို စက်တင်ဘာ ၁၄ ရက်နေ့က ထွက်ခွာသွားပြီဖြစ်ပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက်မြို့မှာ သွားရောက် ပူးပေါင်းနိုင်လိမ့်မယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့အတွက် ၃ ရက်ကြာ အမေရိကန်နိုင်ငံခရီးစဉ်ကို အခုလ ၂၃ ရက်နေ့ စတင်မယ်လို့လည်း သိရပါတယ်။