ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကော့ဘဇားခရိုင် တဲခ်နာဖ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် (၂၆) ကို စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေဟာ မေလ ၂၅ ရက်နေ့ ဒီနေ့ နေ့လယ်ပိုင်းမှာ ရောက်ရှိနေတယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနက် ၁၁ နာရီဝန်းကျင်မှာ ဒုက္ခသည်စခန်း အမှတ် ၂၆ ကို ရောက်ရှိလာတာလို့ ကော့ဘဇားမှာ နေထိုင်တဲ့ ရိုဟင်ဂျာ လူငယ်အစည်းအရုံး ဒါရိုက်တာ ကိုခင်မောင်က RFA ကို ပြောပါတယ်။
"Camp က General (သာမန်) လူတွေနဲ့ တွေ့တာမဟုတ်ဘူး။ သူတို့စာရင်းပေးထားတဲ့ စာရင်းဇယားရှိတဲ့ လူတွေနဲ့ပဲစကားပြောနေတာ။ သူတို့ မြန်မာပြည်ကို ပြန်ချင်တဲ့သူ၊ မြန်မာပြည်ကနေ စာရင်းပေးထားတဲ့သူတွေကို တွေ့ဆုံပြီး စကားပြောနေတာပဲ။ အပြင်လူတွေ အဲဒီကို သွားလို့မရဘူး၊ နားထောင်လို့မရဘူး"
စစ်ကောင်စီရဲ့ စာရင်းမှာမပါဝင်တဲ့ ဒုက္ခသည်တွေကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က တွေ့ဆုံတာမရှိသလို ဒုက္ခသည်တွေအနေနဲ့လည်း တွေ့ဆုံလို့ မရဘူးလို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ အဲဒီ ကိုယ်စားလှယ်အဖွဲ့မှာ လူ ၁၆ ဦးခန့်ပါဝင်ပြီး သူတို့တွေ့ဆုံဆွေးနွေးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မေလ ၂၄ ရက်နေ့မှာ နိုင်ငံတကာတရားရုံး (ICJ) က ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အတွက် စစ်ကောင်စီဘက်က တင်သွင်းရမယ့် ထုချေလွှာကို နောက်သုံးလ ဩဂုတ် ၂၄ ရက်အထိ နောက်ဆုတ် ပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို လာရောက်တွေ့ဆုံမှုတွေ ရှိလာတာ ဖြစ်ပါတယ်။