ရဲတပ်ကြပ်တစ်ဦးနဲ့ စစ်မှုထမ်းဟောင်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်တစ်ဦးနဲ့ ဘူးသီးတောင်က စစ်မှုထမ်းဟောင်းတစ်ဦး ဒီနေ့မနက်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
-
2019-09-22 -
-
-
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်တစ်ဦးနဲ့ ဘူးသီးတောင်က စစ်မှုထမ်းဟောင်းတစ်ဦး ဒီနေ့မနက်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
ကျောက်တော်မြို့ဆိပ်ကမ်းတာဝန်ခံဖြစ်တဲ့ အသက် ၅၀ ကျော်အရွယ် ရဲတပ်ကြပ် ဦးမောင်လှဟာ ဒီနေ့မနက်က သူ့နေအိမ်အနီးမှာ ဓားထိုးခံရလို့ သေဆုံးခဲ့ပါတယ်။ ဘာကြောင့်လုပ်ကြံသတ်ဖြတ်တယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။
လုပ်ကြံသူတွေကို ဖမ်းမိခြင်းမရှိသေးပေမယ့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အလားတူ ဘူးသီးတောင်မြို့နယ် ၆ ရပ်ကွက်မှာနေထိုင်တဲ့ တပ်မတော်သားဟောင်း တစ်ယောက်လည်း ဒီနေ့မနက်က ဓားထိုးခံရလို့ သေဆုံးခဲ့ပါတယ်။
ဒီလိုအမှုတွေအတွက် အရေးယူဆောင်ရွက်ထားတဲ့အခြေအနေတွေကို သိရှိနိုင်ဖို့ ပြည်နယ်ရဲမှူးကြီး ကြည်လင်း၊ ဒုရဲမှူးကြီး မောင်မောင်စိုးတို့ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
AA က စစ်မှုထမ်းဟောင်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ တပ်မတော်ကို သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လုပ်တာလို့ ဒီလုပ်ကြံသတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောဆိုပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်လို့ AA အဖွဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
သြဂုတ်လအတွင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ဓားထိုးခံရလို့ သေဆုံးခဲ့သလို ပြီးခဲ့တဲ့ တစ်ပတ်လောက်ကလည်း အမ်းမြို့နယ်မှာ စစ်မှုထမ်းဟောင်းတစ်ယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရလို့ သေဆုံးခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း အခုလိုလုပ်ကြံသတ်ဖြတ်ခံရသူ ၁၀ ဦးဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။