ANP ပါတီ ဗဟိုကော်မတီဝင် နှစ်ဦး နှုတ်ထွက်
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ အမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးနဲ့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦး တို့ဟာ ပါတီကနေနှုတ်ထွက်ကြောင်း နှုတ်ထွက်စာတွေ အသီးသီးတင် လိုက်ပါတယ်။
-
2017-10-03 -
-
-
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးနဲ့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦး တို့ဟာ ပါတီ ကနေ နှုတ်ထွက်ကြောင်း နှုတ်ထွက်စာတွေ အသီးသီးတင်လိုက်ပါတယ်။
ဒီနေ့နှုတ်ထွက်စာတင်လိုက်တဲ့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက သူ့ရဲ့ မူရင်း ပါတီဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကို ပြန်လည်ဝင်ရောက်ဖို့အတွက် နှုတ်ထွက်စာ တင်လိုက်တာလို့ ပြောပါတယ်။
"ကျနော်က ဒီ ရခိုင်နှစ်ပါတီ ပူးပေါင်းဖို့ စတင် ဆော်သြတဲ့အထဲမှာလည်း ပါတယ်။ ရခိုင်အမျိုးသားပါတီ အဖြစ် ဆက်သွားတဲ့အခါမှာ လျောက်လှမ်းတဲ့အခါမှာ ပါတီနှစ်ခုက အသွင်မတူဘူး။ လမ်းကြောင်းမတူဘူး။ ဒါနဲ့ အကွဲအပြဲတွေ ထပြီးဖြစ်တာ။ အဲမှာ ပါတီနှစ်ခုကွဲတဲ့အခါမှာ ကျနော်က မူရင်းပါတီဖက်ကပဲ နေရတာပေါ့။ အဓိကက လိုရင်းက ဒါပါပဲ "
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး ကတော့ မနေ့ကနှုတ်ထွက်စာတင်လိုက်တာဖြစ်ပြီး သူဘာကြောင့် နှုတ်ထွက်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမ်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်က ရွေးကောက်ပွဲ အနိုင်ရရှိထားသူဖြစ်သလို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦး ဟာလည်း ရမ်းဗြဲမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်ကနေ အနိုင်ရရှိထားသူဖြစ်ပါတယ်။
ပါတီရဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဗဟိုကော်မတီဝင်နဲ့ ပါတီဝင်တွေအဖြစ်ကနေ အခုလိုနှုတ် ထွက်စာတင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လာမယ့် အောက်တိုဘာလ ၁၃ရက်နဲ့ ၁၄ ရက်နေ့တို့မှာ ပြုလုပ်မယ့် ဗဟိုကော်မတီအစည်းအဝေး မှာ ဆွေးနွေးသွားမယ်လို့လည်း ပါတီရဲ့ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးကပြောပါတယ်။
ရခိုင်အမျိုးသားပါတီ ANP မှာ လက်ရှိဗဟိုကော်မတီဝင်ဦးရေ ၉၀ ကျော်ရှိပြီး အရင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ဘက်က ဗဟိုကော်တီဝင်တွေကတော့ အသီးသီးနှုတ်ထွက်ခဲ့ကြပြီးဖြစ်ပါတယ်။