ရှမ်းမြောက်တိုက်ပွဲကြောင့် တရုတ်နဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းလဲခွင့်ပြု

ချင်းရွှေဟော်နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွေမှာ ကုန်သွယ်မှု ရပ်နားထားရတဲ့အတွက် ပို့ကုန်၊ သွင်းကုန် လိုင်စင်ရထားတဲ့ ကုန်ပစ္စည်းတွေကို ဘယ်ကုန်သွယ်ရေးစခန်းကနေမဆို တရုတ်နိုင်ငံကို တင်ပို့ခွင့်ပြုသွားပါမယ်။

၂ဝ၁၉ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရသည့် တရုတ်-မြန်မာနယ်စပ် မန့်ဝိန်းဂိတ် မြင်ကွင်း။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မြန်မာ- တရုတ်နယ်စပ်က ချင်းရွှေဟော်နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွေမှာ ကုန်သွယ်မှု ရပ်နားထားရတဲ့အတွက် ပို့ကုန်၊ သွင်းကုန် လိုင်စင်ရထားတဲ့ ကုန်ပစ္စည်းတွေကို ဘယ်ကုန်သွယ်ရေးစခန်းကနေမဆို တရုတ်နိုင်ငံကို တင်ပို့ခွင့်ပြုသွားမယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက နိုဝင်ဘာလ ၈ ရက်နေ့ မနေ့က ထုတ်ပြန်ပါတယ်။

ပို့ကုန်၊ သွင်းကုန် လိုင်စင်ရထားတဲ့ ကုန်ပစ္စည်းတွေကို မြန်မာ-တရုတ် နယ်စပ်နဲ့ မြန်မာ - ထိုင်း နယ်စပ် ကုန်သွယ်ရေး စခန်းတွေအပြင် ပင်လယ်ရေကြောင်းကိုပါ အသုံးပြု တင်ပို့ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြောင်းလဲလိုက်တဲ့ ကုန်သွယ်ရေးစနစ်က လက်တွေ့မှာ အလုပ်ဖြစ်ဖို့ လိုတယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ခန့်မှန်းရသောက်ဆိုရင် ကျိုင်းတုံ၊ တာချီလိတ်နဲ့ ကံပိုင်တည်လို နေရာမျိုးတွေကို ရည်ညွှန်းချင်တာဖြစ်မယ်။ ထိုင်း-မြန်မာ နယ်စပ်ဆိုရင်လည်း ကယားဘက်က မဖြစ်နိုင်တော့ ကရင်ဘက်ကိုပဲ ပြန်သုံးမလားပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့ပြောတဲ့ လမ်းကြောင်းတွေက ကုန်သွယ်ရေးအတွက် တကယ် အဆင်မပြေနိုင်ပါဘူး။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေကတော့ အထက်လည်း လွန်ဆန်မရ၊ လက်နက်ကိုင်တွေလည်း လွန်ဆန်မရလို့ ရင်တမမနဲ့ နေရတာပါပဲ”

လက်ရှိ တိုက်ပွဲတွေကြောင့် ချင်းရွှေဟော်နဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွေမှာ မြန်မာ-တရုတ်ကို ကုန်ပစ္စည်း တင်ပို့နေတဲ့ ကုန်သွယ်ရေးကား နှစ်ဆယ်ထက်မနည်း ပိတ်မိနေတယ်လို့ သူကဆိုပါတယ်။

ကုန်သွယ်လမ်းကြောင်းသစ်တွေ ပြောင်းလဲခွင့်ပြုမယ့် ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။

အခုနှစ် ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၂၇ ရက်အထိ မူဆယ် နယ်စပ်ကုန်သွယ်ရေး စခန်းကနေ အမေရိကန် ဒေါ်လာ ၂၂၆၉ ဒသမ ၃၉၈ သန်းနဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းကနေ ဒေါ် လာ ၇၀၃ ဒသမ ၁၂၃ သန်း ကုန်သွယ်မှု ပြုလုပ်ထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org