ဘိုကလေးမှာ လေဆင်နှာမောင်းတိုက်ခတ်

ဧပြီလ ၁၀ ရက်နေ့ ညနေ ၄ နာရီလောက်က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်ခဲ့တဲ့အတွက် ပျဉ်ဘိုးကြီးကျေးရွာမှာ စာသင်ကျောင်း တကျောင်း အပါအဝင် အိမ်ခြေ ၂၀ လောက် ပျက်စီး သွားကြောင်း သတင်းရရှိပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မြေပုံ။ (Map: RFA) (Map: RFA)

အသင့်အတင့်အားပြင်းတဲ့ လေဆင်နှာမောင်း တိုက်ခတ်ပြီးတဲ့နောက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပျဉ်ဘိုးကြီးကျေးရွာကို သွားရောက်ခဲ့ကြောင်း ဘိုကလေးမြို့ခံ ကိုစောဗန်ကူးက အခုလိုပြောပြပါတယ်။

“ဟုတ်ပါတယ်ခင်ဗျာ။ အခုဒီ ဘိုကလေးမြို့နဲ့ ဒီ ၁၅ မိုင်ခန့်အကွာပေါ့၊ ပျဉ်ဘိုးကြီး ကျေးရွာမှာ တိုက်သွားတာပါ။ အိမ်ခြေက အဲဒီ ကျေးရွာမှာက ၁၅၀ လောက် ရှိပြီးတော့ အိမ်အလုံး ၂၀ ခန့် အမိုးလန်သွားတယ်။ နောက် စာသင်ကျောင်းလေး အမိုးလန်သွားတယ်ပေါ့။ ၆ နာရီ ၁၀ မိနစ်လောက်မှာတော့ ဒေသဆိုင်ရာက အုပ်ချုပ်ရေး ကဏ္ဍရယ်၊ နောက်ပြီးတော့ ရဲတပ်ဖွဲ့က ဒုရဲအုပ်တယောက်နဲ့ ရဲတပ်သား တယောက်ရယ်။ ပြီးတော့ ပညာရေးဌာနရယ်၊ ကြက်ခြေနီအဖွဲ့ရယ် ဆင်းသွားတယ်လို့တော့ ကြားသိရတယ်။”

သဘာဝ ဘေးအန္တရာယ်တွေအကြောင်းကို မြန်မာ့ မိုးလေဝသနဲ့ ဇလဗေဒဌာန အကြီးအကဲဟောင်း ဦးထွန်းလွင်က ဘိုကလေးမြို့နယ်အတွင်း လှည့်လည် ဟောပြောနေချိန်မှာ အခုလို လေဆင်နှာမောင်း ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံမှာ မိုးဦးရာသီ စောလာနေပြီး မုန်တိုင်းတွေ ဖြစ်ပေါ်တတ်ကြောင်း ဧပြီလ ၉ ရက်နေ့က သတိပေးပြောကြားချက်နဲ့ တိုက်ဆိုင်နေကြောင်း ဒေသခံတွေ ကပြောဆိုပါတယ်။

ဦးထွန်းလွင်ရဲ့ ဟောပြောပွဲကို သွားရောက် နားထောင်ခဲ့တဲ့ ဘိုကလေးမြို့ခံတဦးကတော့ အခုလို ပြောပါတယ်။

“ဦးထွန်းလွင်က ခုမိုးကြိုကာလကတဲ့ ဧပြီ၊ မေဟာ မိုးကြိုကာလ ဖြစ်နေပြီတဲ့။ ဟိုတုန်းက မိုးကြိုကာလက မေ ၁၅ ရက်မှာ စတာတဲ့။ အခုဟာက သူက ရှေ့ကို ၄၅ ရက် တိုးပြီးတော့ စတဲ့အတွက် ဧပြီနဲ့ မေမှာ မုန်တိုင်း ဖြစ်ပေါ်နိုင်မှုတွေ ရှိတယ်လို့တော့ သူက ပြောသွားတယ်ခင်ဗျ။ တော်တော် အကျိုးရှိပါတယ်။ ဒီပုဂ္ဂိုလ်ဟာ တော်တော်လေးကိုလည်း ကျွမ်းကျင်တယ်ပေါ့နော်။ မိုးလေဝသနဲ့ ပတ်သက်လာရင်။ သူ့အပေါ်မှာ လူထုကလည်း တော်တော် ယုံကြည်တယ်။”

ဦးထွန်းလွင်ဟာ ဧပြီ ၁၁ ရက် ဒီကနေ့မှာတော့ မနေ့က လေဆင်နှာမောင်းဒဏ် ခံရတဲ့ ရွာနဲ့ ကပ်လျက် စက်စမ်းကျေးရွာမှာ သွားရောက် ဟောပြောနေကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org