နှစ်ပါတီပူးပေါင်းဖို့ ကမ်းလှမ်းချက်အပေါ် ဇန်နဝါရီလအတွင်း ALD ထုတ်ပြန်မည်

ရခိုင်မျိုးချစ်ပါတီ APP က နှစ်ပါတီပူးပေါင်းဖို့ ကမ်းလှမ်းထားတဲ့ကိစ္စကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက မနေ့က ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်ကို လာမယ့် ဇန်နဝါရီလအတွင်း ထုတ်ပြန်သွားမယ်လို့ ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် က ဒီနေ့ ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီခေါင်းဆောင်တွေ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က ပါတီရဲ့ မူဝါဒရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းခဲ့စဉ် Photo: Aung Thyei Kha/ RFA

ရခိုင်မျိုးချစ်ပါတီ APP က နှစ်ပါတီပူးပေါင်းဖို့ ကမ်းလှမ်းထားတဲ့ကိစ္စကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက မနေ့က ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်ကို လာမယ့် ဇန်နဝါရီလအတွင်း ထုတ်ပြန်သွားမယ်လို့ ALD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော် က ဒီနေ့ ပြောပါတယ်။

ရခိုင်မျိုးချစ်ပါတီ APP က ရည်ရွယ်ချက်တူပြီး ပါတီမူဝါဒလမ်းစဉ်ချင်းတူတဲ့အတွက် နှစ်ပါတီကို တစ်ပါတီအဖြစ် ပူးပေါင်းဖို့ ဒီဇင်ဘာလ ၁၈ ရက်နေ့က စာပေးပို့ ကမ်းလှမ်းတာကို ကြိုဆိုကြောင်း ဦးမျိုးကျော် က ပြောပါတယ်။

"သူတို့တော့ ကမ်းလှမ်းထားတယ်။ ကျနော်တို့ကို စာပေးထားတယ်လေ။ ပြီးခဲ့တဲ့ ၁၈ ရက်နေ့ကပေါ့နော်၊ ဒီစာတော့ ကျနော်တို့ လက်ခံရရှိထားပါတယ်၊ ကျနော်တို့ပါတီထဲမှာလည်း ဆွေးနွေးထားတာရှိတယ်၊ မကြာခင် အဲဒီဟာနဲ့ပတ်သက်လို့ ကျနော်တို့ ပြန်ပြီးတော့ ပြန်ကြားဖို့ဟာ ရှိပါတယ်၊ ဇန်နဝါရီလထဲပဲ ဖြစ်ပါလိမ့်မယ်၊ ကျနော်တို့ ဒီ APP ဆိုတာလည်း နိုင်ငံရေးအရတော့ ကျနော်တို့နဲ့ အင်မတန်နီးစပ်တဲ့ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဟာပါ၊ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ဒီလို ပေါင်းစည်းဖို့ ကမ်းလှမ်းလာတာကတော့ အပြုသဘောဆောင်ပါတယ်၊ ကောင်းပါတယ်"

ရခိုင်မျိုးချစ်ပါတီ APP ၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က တရားဝင်နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခဲ့တာဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကတော့ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ တရားဝင်နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ဟာ လက်ရှိမှာ ပါတီဝင်အင်အား နှစ်ထောင်နီးပါး ရှိပြီး ကျောက်တော်၊ တောင်ကုတ် ၊ ရမ်းဗြဲ တို့မှာ ပါတီရုံးခွဲတွေ ဖွင့်လှစ်ထားပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ  ကျောက်ဖြူ နဲ့ ဇန်နဝါရီလဆန်းပိုင်းမှာ ပေါက်တောမြို့နယ် တို့မှာ ပါတီရုံးခွဲတွေ ထပ်မံဖွင့်လှစ်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org