ရခိုင်မျိုးချစ်ပါတီ ဥက္ကဋ္ဌဟောင်းကို အမည်မသိ လက်နက်ကိုင်တွေ ဖမ်းဆီးသွား

2021.06.28
ရခိုင်မျိုးချစ်ပါတီ ဥက္ကဋ္ဌဟောင်းကို အမည်မသိ လက်နက်ကိုင်တွေ ဖမ်းဆီးသွား ရခိုင်မျိုးချစ်ပါတီ (APP) ဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းထွန်းကို တွေ့ရစဉ်
ဓာတ်ပုံ - ရခိုင်မျိုးချစ်ပါတီ (APP) - facebook

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရခိုင်မျိုးချစ်ပါတီ (APP) ဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းထွန်းကို ဒီနေ့ နေ့လယ်က စစ်တွေမြို့လယ်မှာရှိတဲ့ အိုးတန်းရပ်ကွက်ကနေ အမည်မသိ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ မိသားစုက RFA ကို ပြောပါတယ်။

ဦးဇော်ဝင်းထွန်းဟာ ဒီနေ့ နေ့လယ် ၁ နာရီအချိန်လောက်က အိုးတန်းရပ်ကွက် မူလွန်ကျောင်းမှာ တက်ရောက် နေတဲ့ လေးတန်းအရွယ်သမီးဖြစ်သူကို မုန့်စားဆင်းချိန်အပြီး ကျောင်းကို ပြန်လာပို့ရာမှာ အမည်မသိ လက်နက်ကိုင် အနည်းဆုံး ခြောက်ဦးခန့်က ကားပေါ်ကို ဆွဲတင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ညီဖြစ်သူ ကိုထွန်းလင်း က ပြောပါတယ်။

အရပ်ဝတ်တွေဝတ်ပြီး ပီစတိုလို့ ယူဆရတဲ့ သေနတ်တိုတွေ ကိုင်ဆောင်ထားတဲ့ အဲဒီလက်နက်ကိုင်တွေဟာ စာသင်ကျောင်းရှေ့မှာ မှန်လုံကားကို အဆင်သင့်ရပ်ပြီးတော့ စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပြီး ဦးဇော်ထွန်းက သမီးကို ကျောင်းထဲကိုပို့ပြီး ပြန်အထွက်မှာ ဖမ်းဆီးခေါ်ဆောင်ခံရတာလို့ ဆိုပါတယ်။

အဲဒီလက်နက်ကိုင်တွေဟာ မျက်နှာမှာ နှာခေါင်းစည်းတွေ တပ်ဆင်ထားတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ ကို မမှတ်မိလိုက်ဘူးလို့လည်း အခင်းဖြစ်နေရာအနီးမှာ ရှိနေတဲ့ မျက်မြင်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဦးဇော်ဝင်းထွန်းရဲ့ ညီဖြစ်သူ ကိုထွန်းလင်းက ပြောပါတယ်။

ဦးဇော်ဝင်းထွန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ရခိုင်မျိုးချစ်ပါတီ (APP) ဟာ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ မှာ နိုင်ငံရေးပါတီအဖြစ် ထူထောင်ခဲ့ပြီး ၂၀၁၉ ဇွန်လ ၁၃ ရက်နေ့မှာ ပါတီကို တရားဝင်ဖျက်သိမ်းပြီး ပါတီဝင်တွေဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီထဲကို ဝင်ရောက်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဦးဇော်ဝင်းထွန်းဟာ ပါတီနိုင်ငံရေးတွေကို ဆက်မလုပ်တော့သလို အခြား ပြဿနာတွေလည်း မရှိတာကြောင့် ဖမ်းဆီးထားသူတွေအနေနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း ဦးဇော်ဝင်းထွန်းရဲ့ မိသားစုက တောင်းဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။