မြေယာမူဝါဒ မူကြမ်း TNI အဖွဲ့ ဝေဖန်
မြန်မာနိုင်ငံမှာ ဒီလအတွင်း အစိုးရကချပြ လိုက်တဲ့ မြေယာအသုံးချမှု မူဝါဒမူကြမ်း ဟာ နိုင်ငံတွင်းနဲ့ နိုင်ငံခြားက ကုမ္ပဏီ ကြီးတွေအတွက်သာ အကျိုးရှိမှာဖြစ်ပြီး၊ ပြည်တွင်းက သန်းနဲ့ချီတဲ့ ဆင်းရဲသား တောင်သူလယ်သမားတွေ အတွက် မြေယာဆုံးရှူံးမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း ပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
-
2014-10-30 -
-
-
မြန်မာနိုင်ငံမှာ ဒီလအတွင်း အစိုးရကချပြလိုက်တဲ့ မြေယာအသုံးချမှု မူဝါဒမူကြမ်းဟာ နိုင်ငံတွင်းနဲ့ နိုင်ငံခြားက ကုမ္ပဏီကြီးတွေအတွက်သာ အကျိုးရှိမှာဖြစ်ပြီး၊ ပြည်တွင်းက သန်းနဲ့ချီတဲ့ ဆင်းရဲသား တောင်သူလယ်သမားတွေ အတွက် မြေယာဆုံးရှူံးမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း ပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
နယ်သာလန်နိုင်ငံအခြေစိုက် TNI ခေါ် နိုင်ငံတကာရေးရာအဖွဲ့က မနေ့က သတိပေးပြောဆို လိုက်တာပါ။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနက ဦးဆောင်ပြီး၊ မြေအသုံးချမှု အများဆုံးရှိတဲ့ ဌာန ၁၃ ခု ပါဝင်ရေးဆွဲခဲ့တဲ့ အဲဒီ မူဝါဒကြမ်းဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အပေါ်မှာသာ ရည်ရွယ်အာရုံပြု ရေးဆွဲထား တာကြောင့်၊ လယ်သမားတွေအတွက် ဘဝအာမခံချက် ပေးမထားဘူးလို့ TNI က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး အသွင်ကူးပြောင်းမှုကာလအတွင်း မြေယာပိုင်ဆိုင်မှုနဲ့ သုံးစွဲမှု ပြဿနာတွေဟာ အဓိက ပြဿနာဖြစ်လာပါတယ်။ အရင် စစ်အစိုးရ အဆက်ဆက်က မြေသိမ်း ယာသိမ်း ကိစ္စတွေက အခုအခါ မကျေနပ်မှုတွေ၊ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်လာခဲ့ပါတယ်။
ဒါတွေဟာ ပေါက်ကွဲနိုင်တဲ့ လူမှုရေး မီးတောင်ကြီးဖြစ်ပါတယ်လို့ TNI ခေါ် နိုင်ငံတကာရေးရာအဖွဲ့က သတိပေးပါတယ်။
အခု မြေယာအသုံးချမှု မူဝါဒကြမ်းဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ရေး ဆိုတဲ့ စီးပွားရေး အကြောင်းခံတစ်ခုတည်းအပေါ် ရေးဆွဲထားတာဖြစ်ပြီး၊ တခြားနိုင်ငံတွေရဲ့ မြေယာ မူဝါဒတွေမှာပါဝင်တဲ့ စားနပ်ရိက္ခာလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေကို အပံ့အပိုးဖြစ်စေမယ့်အချက်တွေ မတွေ့ရဘူးလို့ TNI အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး: Jannifer Franco က ပြောပါတယ်။ ဒါကြောင့် ဒီမူဝါဒဟာ လယ်သမားတွေ၊ ရေလုပ်သားတွေနဲ့ သာမန်ပြည်သူတွေအတွက် မဟုတ်ဘဲ ဖြစ်နေတယ်လို့လည်းဆိုပါတယ်။