EU အဖွဲ့ ပိတ်ဆို့မှု သက်တမ်းတိုးခြင်းကို NLD ဦးတင်ဦး ကြိုဆို

EU ဥရောပသမဂ္ဂက မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှု သက်တမ်း နောက်တနှစ် တိုးလိုက်တာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ကြိုဆိုလိုက်ပါတယ်။

ဥရောပ သမဂ္ဂ အလံ (ဝဲအစွန်) နှင့် အဖွဲ့ဝင် ၂၅ နိုင်ငံတို့၏ အလံများကို ပြင်သစ်နိုင်ငံ စထရာ့စ်ဘော့ဂ်မြို့ရှိ ဥရောပ ပါလီမန်အဆောက်အအုံ ရှေ့တွင် လွှင့်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

အဲဒီသက်တမ်းတိုးမှုမှာ အစိုးရအဖွဲ့ထဲက အရပ်သား ဝန်ကြီးတချို့ကို ပြည်ဝင်ခွင့်ဗီဇာ တနှစ်ဖွင့်ပေး လိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒါဟာ မြန်မာအစိုးရဖက်က ပြောင်းလဲလာမလားဆိုတာ စမ်းသပ်တာ ဖြစ်လိမ့်မယ်လို့ ယူဆတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကန့်ကွက်စရာ မရှိဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဦးတင်ဦးက RFA ကို ခုလို ပြောပြပါတယ်။

“လက်ရှိ ရှိနေတဲ့ အရပ်သားအရာရှိ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ လုပ်ငန်းကိုင်ငန်း ဆက်သွယ်ရေး လာပြီး လုပ်ဖို့အတွက် လွယ်ကူအောင် အလို့ငှာ တနှစ် ဗီဇာပေးတယ် ဆိုတာ ဒါကတော့ သူတို့ ဒါ စမ်းသပ်ကြည့်တဲ့ သဘောပဲပဲလေ။ အဲဒီတော့ အဲလို စမ်းသပ်တဲ့အပေါ်မှာ သူက ဘယ်လောက် လိုက်လျောပြီးတော့ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုအပေါ်မှာ ပေးမလဲ။ ဒါ သူနည်းနည်းလေး တံခါးဖွင့်ကြည့်တဲ့ သဘောပါပဲ။ ဒါတွေအပေါ်မှာတော့ ကျွန်တော်တို့က အထူး ပြောစရာမလိုဘူး။”

“မူကတော့ဖြင့် သူတို့ အီးယူကပဲ ဆက်လက်ပြီးတော့ အရေးကြီးတဲ့ စီးပွားရေး ပိတ်ဆို့မှု အရင်ဟာတွေ အားလုံးကတော့ ဒီတိုင်းပဲ ဆက်လက်ပြီး ထားတယ်ဆိုတဲ့ သဘောလို့ ကျွန်တော် နားလည်လိုက်တယ်။ အဲဒါအတွက်တော့ ကြိုဆိုပါတယ်။”

စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ပြုပြင် မွမ်းမံနိုင်ဖို့အတွက် အရေးယူထားတဲ့ နိုင်ငံတွေအနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆွေးနွေးဖို့ကို ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် NLD ကြေညာချက် မှာ ဖိတ်ခေါ်ထားပါတယ်။

ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ရုပ်သိမ်းရေး-မရုပ်သိမ်းရေး စဉ်းစားတဲ့အခါမှာလည်း မြန်မာနိုင်ငံက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တောင့်တင်း ခိုင်မာတဲ့ စီးပွားရေး အခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့လည်း NLD ပါတီက ထောက်ပြခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ဆက်ပြီး ထားဦးမယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org