ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှု တီမောနှင့် ဘူဂေးရီးယားကြိုဆို
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့အတွက် ပျော်ရွှင် ဝမ်းမြောက် ရတယ်လို့ အရှေ့တီမောနိုင်ငံ သမတ ရာမို့စ်-ဟိုဆေး ဟော်တာက နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
-
2010-11-15 -
-
-
ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းမရှိပဲ ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ် ထားခဲ့တာကို ပြန်လွတ်လာတဲ့အတွက် ဝမ်းသာပျော်ရွှင်မိကြောင်း၊ ဒီလိုလုပ်ဆောင်ချက်ဟာ ကောင်းမွန်တဲ့ လက္ခဏာ တရပ်ဖြစ်ပြီး အခုလို လွတ်လပ်ခွင့် ပေးလိုက်တဲ့အတွက် မြန်မာစစ်အစိုးရကိုလည်း ချီးကျူးပါကြောင်း မစ္စတာဟော်တာက ပြောပါတယ်။
တဆက်တည်းမှာလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတာတွေကို ဖယ်ရှားပေးဖို့ကိုလည်း အရှေ့တီမောသမတက အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ နိုင်ငံများအဖွဲ့ EU ကို တိုက်တွန်းလိုက်ပါတယ်။
အလားတူပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ဘူလ်ဂေးရီးယား နိုင်ငံခြားရေး ဝန်ကြီး နီကိုလိုင် မလာဒင်နော့ဗ် Nikolai Mladenov က ဒီကနေ့ ကြိုဆိုလိုက်ပြီး အခုလို လွတ်လပ်ခွင့်ပေးတာကိုလည်း ချီးကျူးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အတွက် တကမ္ဘာလုံးက ဝမ်းမြောက် ကြည်နူးနေကြပြီး ဥရောပသမဂ္ဂ EU အဖွဲ့နည်းတူ နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည် အကန့်အသတ် မရှိပဲ ပါဝင်နိုင်ဖို့ တောင်းဆိုလိုက်ပါတယ်။