ကျားဖြူပါတီဝင် ၄၀ နီးပါး ကျားခေါင်းပါတီ ပြောင်း
ရှမ်းပြည်နယ် လားရှိုးမြို့နယ်က ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပါတီဝင် ၄၀ လောက်ဟာ ကျားခေါင်း ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် ဒီနေ့ ကူးပြောင်းခဲ့ ပါတယ်။
-
2014-08-24 -
-
-
ရှမ်းပြည်နယ် လားရှိုးမြို့နယ်က ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပါတီဝင် ၄၀ လောက်ဟာ ကျားခေါင်း ခေါ် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် ဒီနေ့ ကူးပြောင်းခဲ့ပါတယ်။
ပါတီပြောင်းကြသူတွေထဲမှာ လားရှိုးမြို့နယ် ကျားဖြူ ပါတီ တွဲဖက်အတွင်းရေးမှူးနဲ့ အလုပ်အမှုဆောင်တချို့ ပါဝင်တယ်လို့ သိရပါတယ်။
ပါတီဝင်လျှောက်လွှာပေးအပ်ပွဲကို လားရှိုးမြို့ ကျားခေါင်းပါတီရုံးမှာ ကျင်းပခဲ့ပြီး ပါတီပြောင်းခဲ့သူ ၄၀ ကျော်ထဲက တစ်ဦးဖြစ်တဲ့ ဦးစိုင်းလှမြင့်က ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။
"ကျားဖြူပါတီက ပြည်သူကို အကျိုးပြုတာ နည်းနည်း နည်းတာပေါ့ဗျာ၊ နည်းတဲ့အနေနဲ့ ကျနော်က မကြိုက်လို့ ကျနော်က နှှုတ်ထွက် တာဗျ၊ ကျနော်တို့က ယုံယုံကြည်ကြည်ပဲ ၁၀၀ ရာခိုင်နှှုန်း ဒီကျားခေါင်းပါတီကတော့ ကိုယ့်အကျိုး အတွက် ကိုယ်မဟုတ်၊ နိုင်ငံတော်အတွက်၊ ကိုယ့်အမျိုး၊ ကိုယ့်နိုင်ငံတော်အတွက် ပြည်ထောင်စုမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားတွေအကုန်လုံး အကျိုးပြုဖို့ ဒါကျနော် ယုံကြည်လို့ ကျနော်ဝင်လိုက် တာပါခင်ဗျ"
ကျားဖြူပါတီနဲ့ ကျားခေါင်းပါတီတို့ ပူးပေါင်းဖို့ နှစ်ဘက်ခေါင်းဆောင်တွေ ဆွေးနွေးနေကြပေမယ့် မဖြစ်နိုင်တော့တဲ့ အတွက် ကျားဖြူပါတီဝင်အတော်များများ ပါတီက နှုတ်ထွက်ပြီး ကျားခေါင်းပါတီကို ပြောင်းကြတာလို့ ဆိုပါတယ်။
အခုနှစ်မတ်လလောက်ကလည်း ကျားဖြူပါတီဝင် မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သုံးဦး အပါအဝင် ပါတီဝင် ၁၀၀၀ နီးပါး နှုတ်ထွက်ခဲ့ပါတယ်။
ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၅၈ ဦးရှိခဲ့ပါတယ်။
ကျားခေါင်းပါတီ ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒုတိယအများဆုံး လွှတ်တော်ကိုယ်စားလှယ်အရွေးခံခဲ့ရတဲ့ ပါတီဖြစ်ပါတယ်။