ရိက္ခာပြန်ယူရင်း အသတ်ခံခဲ့ရတဲ့ ဒီးမော့ဆို ဒေသခံသုံးဦး အလောင်း ပြန်တွေ့
ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ရွာ ကယောလူမျိုးတွေ အများဆုံးရှိတဲ့ ကယောပိုင်းမှာ လွန်ခဲ့တဲ့ နှစ်လနီးပါးက စားနပ်ရိက္ခာပြန်ယူရင်း အသတ်ခံလိုက်ရတဲ့ ဒေသခံ ငါးဦးအနက် သုံးဦးရဲ့ ရုပ်အလောင်းကို မနေ့က ပြန်လည် တွေ့ရှိခဲ့ပါတယ်။
- 2022-03-24
-
-
-
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ရွာ ကယောလူမျိုးတွေ အများဆုံးရှိတဲ့ ကယောပိုင်းမှာ လွန်ခဲ့တဲ့ နှစ်လနီးပါးက စားနပ်ရိက္ခာပြန်ယူရင်း အသတ်ခံလိုက်ရတဲ့ ဒေသခံငါးဦးအနက် သုံးဦးရဲ့ ရုပ်အလောင်းကို မနေ့က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
"သူတို့က စစ်ရှောင်စခန်းမှာ နေကြတယ်။ လွန်ခဲ့တဲ့ တစ်လကျော်က ပြန်သွားကြတာ။ အဓိက တော့ ဆန်စပါး နည်းနည်းပါးပါး လိုတာပြန်လာယူကြတယ်လို့ ကြားတယ်"
လွိုင်ကော်နဲ့ ဒီးမော့ဆိုကို အဓိကဆက်သွယ်ထားတဲ့ လမ်းပေါ်က စံပြ (၆) မိုင်ရွာအနားမှာ ဇန်နဝါရီလဆန်းပိုင်း လောက်က နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ရွာတွေထဲမှာ စားနပ် ရိက္ခာပြန်ယူတဲ့ ဒေသခံငါးဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်လိုက်တာလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ရင်း ၉ ပြောရေးဆိုခွင့်ရှိသူက ပြော ပါတယ်။
လက်ရှိ ရုပ်အလောင်း သုံးဦးရဲ့ အရိုးတွေသာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီး မည်သူမည်ဝါ သိအောင် မိသားစုဝင်တွေနဲ့ ကျန်ရှိတဲ့ အဝတ်စတွေနဲ့ တိုက်ဆိုင်စစ်ဆေးရဦးမယ်လို့ တပ်ရင်း ၉ ပြောခွင့်ရသူက ပြောပါတယ်။
“အရိုးစုပဲကျန်တာပေါ့နော်၊ ဘယ်သူဘယ်ဝါဆိုတာကိုတော့ အသေအချာပြောလို့တော့ မရဘူး။ ဒါပေမဲ့ ပျောက်သွားတဲ့ ငါးယောက်ထဲကတော့ ဟုတ်တယ်”
ရုပ်အလောင်းတွေကို မနေ့ကပဲ သင်္ဂြိုဟ်ပေးလိုက်တယ်လို့လည်း KNDF တပ်ရင်း ၉ က ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို လတ်တလော ဆက်သွယ်နိုင်ခြင်း မရှိသေး ပါဘူး။ ကယားပြည်နယ်မှာ အရပ်သားတွေ ဖမ်းဆီးခံရပြီးနောက် သေဆုံးတာအပါအဝင် အရပ်သားတွေ ထိခိုက် သေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က မတ်လ ၂ ရက်နေ့က မေးမြန်းခဲ့ရာမှာ ကယားပြည်နယ်အတွင်း သေဆုံးသူတွေအထဲမှာ အရပ်သားတွေမပါဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရင်းနဲ့ သေဆုံးသူတွေသာရှိတယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။
ကယားပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလလောက်ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာကြောင့် စံပြ (၆) မိုင်အုပ်စုထဲက ဒေသခံတွေဟာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ ထွက်ပြေးနေကြရတာပါ။
ကရင်နီပြည် လူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) ရဲ့ မတ်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက် အရ ကယား ပြည်နယ်ထဲမှာ အခုနှစ် မတ်လထဲ နှစ်ပတ်အတွင်းမှာတင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကနေ အခုထိဆိုရင် စုစုပေါင်း ၂၃၅ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။