ကချင်ပြည်နယ်မှာ ထိုးစစ်ရပ်ဖို့ သမ္မတ ညွှန်ကြားထား
ပြည်တွင်း ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်အောင် ကချင်ပြည်နယ်မှာဆင်နွှဲနေတဲ့ ထိုးစစ်တွေကို ရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားတယ်လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။
-
2011-12-12 -
-
-
မိမိကိုယ်ကိုယ် ခုခံကာကွယ်တာက လွဲလို့ ကေအိုင်အေကို စတင် တိုက်ခိုက်နေတာတွေ မလုပ်ဖို့ ပြီးခဲ့တဲ့ စနေနေ့က တပ်မှူးအားလုံးကို ညွှန်ကြားခဲ့ကြောင်း နေပြည်တော် သမ္မတရုံးက အေအက်ဖ်ပီကို ပြောဆိုခဲ့ပါတယ်။ ရက်ပိုင်းအတွင်း တရားဝင် ကြေညာချက် ထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ရကြောင်းလည်း ဖော်ပြပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ် ဦးဒွဲဘူကလည်း ကေအိုင်အေကို အပစ်ရပ်ဖို့ သမ္မတက ညွှန်ကြားခဲ့ကြောင်း အတည်ပြု ပြောဆိုပါတယ်။ လက်ရှိ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ ခုခံ ကာကွယ်တဲ့ ပစ်ခတ်မှုကလေးတွေတော့ ရှိနေသေးပုံရကြောင်းလည်း ပြောပါတယ်။
အမည်မဖေါ်လိုသူ အစိုးရအရာရှိတစ်ယောက်ကလည်း ကေအိုင်အေနဲ့ အစိုးရကြား ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကေအိုင်အေဘက်ကတော့ ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်တွေ တိုးတက် ချထားလာနေတယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောဆိုခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်း ထိုးစစ်တွေကြောင့် ဒေသခံတွေ ထောင်နဲ့ ချီပြီး အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရပါတယ်။