ဝန်းရံသူနှစ်ဦး ဆေးကုသခွင့် အာမခံ သာယာဝတီတရားရုံး ပယ်ချ

ပဲခူးတိုင်းဒေသကြီး သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထား ရတဲ့ ကျောင်းသား/ကျောင်းသူတွေနဲ့ ဝန်းရံ သူတွေကို ဒီနေ့ သာယာဝတီမြို့နယ် တရားရုံးမှာ ရုံးထုတ်ရာ ကျန်းမာရေး မကောင်းတဲ့ ဝန်းရံသူ ၂ ဦး ကို ဆေးကုသခွင့် အာမခံလျှောက်ထားတာကို မြို့နယ် တရားသူကြီးက ပယ်ချ လိုက်ပါတယ်။

သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား/ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို ဒီနေ့ သာယာဝတီမြို့နယ် တရားရုံးမှာ ရုံးထုတ်ရာ ကျန်းမာရေးမကောင်းတဲ့ ဝန်းရံသူ ၂ ဦးကို ဆေးကုသခွင့်အာမခံ လျှောက်ထားတာကို မြို့နယ် တရားသူကြီးက ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့တပတ်ရုံးချိန်းမှာ အာမခံ လျှောက်ထားခဲ့တာဖြစ်ပြီး ထောင်ဆေးရုံရဲ့ ဆေးစာမပါတာကြောင့် အာမခံကို ပယ်ချလိုက်တာဖြစ်တယ်လို့ ကျောင်းသားတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော် က ပြောပါတယ်။

"အာမခံ ၂ ယောက်လျှောက်တာကို ပယ်လိုက်ပါတယ်၊ ဒေါ်ခင်မာဝင်းနဲ့ ကိုစန်းလွင်ဦး၊ ဝန်းရံပြည်သူ ၂ ယောက်ဆေးစာနဲ့ လျှောက်တာကို ပယ်လိုက် တယ်ပေါ့နော်၊ ပြီးခဲ့တဲ့ ရုံးချိန်းက ကျမလျှောက်ထားတာ ပါ၊ ဆေးစာရဲ့ရက်စွဲက နောက်ဆုံးရက်စွဲမဟုတ် လို့ဆိုပြီး ပယ်ချလိုက်တာပါ၊ ပြင်ပ သာယာဝတီဆေးရုံ က ဆေးစာတွေလည်းပါတယ်၊ ထောင်တွင်းဆေးစာက ကျမတို့ဒီနေ့မှရတာလေ"

အဲဒီဝန်းရံသူ ၂ ဦးဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိ၊ နား နဲ့ ခါးရိုးကိုက်ခဲတာတွေကြောင့် လက်ရှိ အကျဉ်းထောင်ထဲမှာလည်း ဆေးကုသနေရတယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ပေးဖို့ သပိတ်မှောက်ဆန္ဒပြခဲ့တာကြောင့် ကျောင်းသား/ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထားရာကနေ အာမခံနဲ့ လွတ်မြောက်သူ ၂၃ ဦး ရှိနေပြီလို့ သိရပါတယ်။

လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ကျောင်းသားကျောင်းသူနဲ့ ဝန်းရံသူ ၄၅ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ ဆဲဖြစ်ပြီး ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုကိုတော့ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်း သိမ်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org