သန္တိသုခအမှုစီရင်ချက် နိုင်ငံရေး အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ကိုမင်းကိုနိုင် ပြောကြား
ရန်ကုန်တိုင်း တာမွေမြို့နယ် မဟာသန္တိသုခကျောင်း တိုက်က သံဃာ ၅ ပါးအပေါ် စွဲချက်တင်ထားတဲ့အမှု အပေါ် တရားရုံးကစီရင်ချက်ဟာ မြန်မာ့နိုင်ငံရေး အပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောလိုက်ပါတယ်။
-
2014-06-27 -
-
-
Your browser doesn’t support HTML5 audio
ရန်ကုန်တိုင်း တာမွေမြို့နယ် မဟာသန္တိသုခကျောင်း တိုက်က သံဃာ ၅ ပါးအပေါ် စွဲချက်တင်ထားတဲ့အမှု အပေါ် တရားရုံးကစီရင်ချက်ဟာ မြန်မာ့နိုင်ငံရေး အပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြော လိုက်ပါတယ်။
"ဒီတရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ အနည်းနဲ့ အများတော့ မြန်မာ့နိုင်ငံရေးကို ဂယက်ရိုက်မယ်ဆို တာတော့ ကျနော်ကြိုပြောနိုင်တယ်၊ အဲဒီတရားမျှတမှု မရှိခဲ့ဘူးဆိုရင် နောက်ထပ် နောက်ထပ်ပြည်သူလူထု ရဲ့ တုန့်ပြန်မှု၊ ဒကာ ဒကာမတွေရဲ့ တုန့်ပြန်မှု၊ သံဃာထုရဲ့ တုန့်ပြန်မှုကို မလွဲမသွေရင်ဆိုင်ရမယ်၊ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် တရားအတိုင်းပဲ ဆုံးဖြတ်တာကို ပြည်သူတွေ လိုလားတယ်ဆိုတာကို ကျနော် ပြည်သူလူထုကိုယ်စား ပြောချင်ပါတယ်"
ဒီအမှုဟာ သာသနာညှိးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ အင်္ဂလန် ဆရာတော် ဦးဥတ္တရက သာသနာတော် တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့အတွက် ဘက်မလိုက်ပဲ အမှုမှန်ပေါ်ပေါက်တဲ့အထိ အသေအချာစစ်ဆေးဖို့ လိုအပ်ကြောင်း မိန့်ကြားပါတယ်။
ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို တာမွေတရားရုံးမှာ စစ်ဆေးအပြီး ဆရာတော် ဦးဥတ္တရက သတင်းထောက်တွေကို အခုလိုမိန့်ကြားခဲ့တာ ဖြစ်ပါတယ်။
"တကယ့်ကိုမှ သာသနာနဲ့ သက်ဆိုင်တဲ့ အမှုကြီးဖြစ်နေတယ်၊ သာသနာကြီးတစ်ခုလုံးနဲ့လည်း သက်ဆိုင်နေတယ်၊ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ သံဃာတော် ၅ သိန်းနဲ့လည်း သက်ဆိုင်နေတဲ့ အမှုကြီးဖြစ်ပါတယ်၊ တမျိုးသားလုံးကလည်း စိတ်ဝင်စားနေတယ်ဆိုတာ ဘုန်းကြီးတို့သိပါတယ်၊ ဒါကြောင့် အမှုစစ်တဲ့နေရာမှာ ဥပဒေအမှန်ကိုပေါ်လာအောင် စစ်ဖို့ရန်အတွက် အရေးကြီးပါတယ်၊ ဒီအမှုမှန်ပေါ်ပေါက် လာအောင် တမျိုးသားလုံးကနေပြီးတော့ ညီညီညွှတ်ညွှတ်နဲ့ အမှန်တရားတွေ ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်"
မဟာသန္တိသုခဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ အင်္ဂလန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို ပြီးခဲ့တဲ့ဇွန်လ ၁၀ ရက်နေ့ညက သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သာသနာ ညိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီကနေ့ တရားရုံးချိန်းမှာ သာသနာရေးဦးစီးဋ္ဌာနက တရားလိုတွေကို စစ်ဆေးခဲ့ပြီး လာမယ့်ဇူလိုင်လ ၄ ရက်နေ့ကို အမှုရုံးချိန်းအဖြစ် သတ်မှတ်လိုက်တယ်လို့ ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကို သတင်းပေးပို့ထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။