မြန်မာ့အရေး ပိုပြီးတက်ကြွစွာလုပ်ဆောင်ဖို့ အာဆီယံကို ထိုင်းအစိုးရတောင်းဆို

မြန်မာ့အရေးဖြေရှင်းဖို့အတွက် အာဆီယံအနေနဲ့ ပိုပြီးတက်ကြွစွာ ပါဝင်လုပ်ဆောင်ဖို့ ထိုင်းအစိုးရက ဧပြီ ၂၆ ရက် သောကြာနေ့က တိုက်တွန်းတောင်းဆို လိုက်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Nikorndej Balankura အား ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ Twitter/ กระทรวงการต่างประเทศ | MFA of Thailand

မြန်မာ့အရေးဖြေရှင်းဖို့အတွက် အာဆီယံအနေနဲ့ ပိုပြီးတက်ကြွစွာ ပါဝင်လုပ်ဆောင်ဖို့ ထိုင်းအစိုးရက ဧပြီ ၂၆ ရက် သောကြာနေ့က တိုက်တွန်းတောင်းဆို လိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်အနီး ရက်သတ္တပတ်ကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ကုန်သွယ်မှုတွေရပ်တန့်သွားပြီး ဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲအလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တဲ့နောက်မှာ ထိုင်းအစိုးရက ခုလို တောင်းဆိုလိုက်တာပါ။

မြဝတီမှာတိုက်ပွဲဖြစ်ပွားနေတာဟာ သူတို့နယ်စပ်နဲ့ အရမ်းနီးကပ်နေတဲ့အတွက် အာဆီယံအနေနဲ့ ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Nikorndej Balankura က ပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံနဲ့ရော မြန်မာစစ်ကောင်စီနဲ့ပါ ဆွေးနွေးခဲ့ကြောင်းလည်း သူက ပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့က မြဝတီမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ တိုင်းပြည်ကိုအုပ်ချုပ်နိုင်ရေးအတွက် ကြိုးစားရုန်းကန်နေရတဲ့ မြန်မာစစ်ကောင်စီကို ထိုးနှက်ချက်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေက တပ်တွေဆုတ်လိုက်တဲ့အတွက် အပစ်အခတ်ရပ်စဲလိုက်ပြီဖြစ်ပေမယ့် ဧပြီလ ၂၀ ရက်နေ့က လူ ၃၀၀၀ လောက် ထိုင်းနိုင်ငံကို ထွက်ပြေးလာခဲ့တဲ့ထဲက အနည်းငယ်သာ မြန်မာပြည်ဘက် ပြန်သွားကြသေးတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေ နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ပြည်တွင်းစစ်ဖြစ်ခဲ့လာပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်ကောင်စီက သဘောတူခဲ့ပေမယ့် တစ်စိတ်တစ်ပိုင်းသာ အကောင်အထည်ဖော်နိုင်ခဲ့သေးတာကြောင့် အဖွဲ့ဝင်တွေကြား စိတ်အနှောင့်အယှက်‌ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org