ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆၀ ကျော် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံကတစ်ဆင့် မလေးရှားနိုင်ငံကို သွားရောက်ဖို့ လူပွဲစားတွေကို စောင့်ဆိုင်းနေစဉ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီလုပ်ကိုင်ပေးနေတဲ့ ဦးမိုးကြိုးက ပြောပါတယ်။
-
RFA Burmese
2024-07-24 -
-
-
ထိုင်းနိုင်ငံ ဖစ်ချ်ဘူရီပြည်နယ် ထာ့ယန်မြို့နယ်မှာ ဇူလိုင်လ ၂၃ ရက်နေ့က မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၄ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံကတစ်ဆင့် မလေးရှားနိုင်ငံကို သွားရောက်ဖို့ လူပွဲစားတွေကို စောင့်ဆိုင်းနေစဉ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီလုပ်ကိုင်ပေးနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“သူတို့လာရာလမ်းကတော့ ကရင်ပြည်နယ် မြဝတီကနေ ထိုင်းနိုင်ငံ မဲဆောက်ကို ပွဲစားက ခေါ်လာတယ်။ နောက်လက်ပြောင်းလက်လွှဲပွဲစားတွေက မဲဆောက်ကနေ ကားသုံးစီးနဲ့ အဲဒီ ဖစ်ချ်ဘူရီပြည်နယ် ထာ့ယန်မြို့နယ် ခေါင်ကရပုကျေးရွာကို ပို့ဆောင်တယ်။ ပွဲစားကို သူတို့စောင့်နေချိန်မှာ ဒေသခံထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံရတာ ဖြစ်ပါတယ်”
ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ အမျိုးသား ၇၃ ဦး၊ အမျိုးသမီး သုံးဦးနဲ့ ကလေးငယ် နှစ်ဦးပါဝင်ပြီး မလေးရှားကို သွားရောက်ဖို့ လူမှောင်ခိုပွဲစားတွေကို ထိုင်းဘတ်ငွေ ငါးသောင်းကနေ ခြောက်သောင်းအထိ ဝန်ဆောင်ခပေးခဲ့ကြောင်း စကားပြန်ကတစ်ဆင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖူမြို့နယ် ဘန်ချီရာလောင်ကွန်းဆည်အနီးမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၃ ဦး ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။
ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာ ထိုင်းရဲစခန်းတွေမှာ ထိန်းသိမ်းထားရှိပြီး ထိုင်းဥပဒေတွေအရ အရေးယူဆောင်ရွက်ပြီးနောက် မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်ထဲက ကန်ချနဘူရီမြို့နယ်၊ ထောင်ဖာဖူမြို့နယ်နဲ့ စံခရဘူရီမြို့နယ်တွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူတွေ အများဆုံးဖြစ်ပြီး ထိုင်းအာဏာပိုင်တွေ စစ်ဆေးဖမ်းဆီးမှုတွေရှိနေတယ်လို့ မြန်မာအလုပ်သမားအရေးကူညီသူတွေက ဆိုပါတယ်။
ထိုင်းနိုင်ငံတွင်းမှာလည်း ကိုဗစ်ရောဂါ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာတာကြောင့် ထိုင်းအာဏာပိုင်တွေက ပိုမိုတင်းကြပ်မှုတွေ ဖမ်းဆီးတာတွေလုပ်ဆောင်လာတဲ့အတွက် မြန်မာအလုပ်သမားတွေအနေနဲ့ သတိထားကြဖို့ကိုလည်း သတိပေးထားကြပါတယ်။