မြန်မာစစ်တပ်လေယာဉ်တွေ ထိုင်းလေပိုက်နက်ထဲဝင်ခွင့်မပြုဖို့ ဝန်ကြီးချုပ် ညွှန်ကြား

မြန်မာစစ်တပ်ရဲ့တိုက်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်လာတာကို ခွင့်မပြုဖို့နဲ့ ထိုင်း-မြန်မာနယ်စပ်ကို ကာကွယ်စောင့်ရှောက်ဖို့ ထိုင်းဝန်ကြီးချုပ်က အမိန့်ပေးထားတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ အမှတ် (၂) တံတားအနီးတွင် တွေ့ရသည့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား အသင့်အနေအထားနှင့်တွေ့ရစဉ်။ RFA

မြန်မာစစ်တပ်ရဲ့တိုက်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်လာတာကို ခွင့်မပြုဖို့နဲ့ ထိုင်း-မြန်မာနယ်စပ်ကို ကာကွယ်စောင့်ရှောက်ဖို့ ထိုင်းဝန်ကြီးချုပ် စရက်ထာ ထဝီဆင် (Srettha Thavisin) က ထိုင်းစစ်တပ်အကြီးအကဲကို အမိန့်ပေးထားတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ထိုင်းကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ် ချာရွန်ချိုင် ဟင်သရိုနဲ့ ဧပြီလ ၁၂ ရက်နေ့က တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ ထိုင်းဘက်ကို ပျံ့နှံ့ရောက်ရှိလာမှာကို လက်မခံနိုင်တဲ့အကြောင်းနဲ့ ထိုင်းလေပိုင်နက်ထဲကို စစ်လေယာဉ်တွေ ကျူးကျော်ဝင်ရောက်လာမှာကိုလည်း လက်ခံနိုင်စရာ မရှိတဲ့အကြောင်း ဝန်ကြီးချုပ်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာဘက်ကနေ စစ်ပြေးဒုက္ခသည်အမြောက်အမြား ထိုင်းနိုင်ငံထဲတစ်ပြိုင်နက်ဝင်ရောက်လာမယ့် အခြေအနေကို ကိုင်တွင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း ဝန်ကြီးချုပ် စရက်ထာက ပြောပါတယ်။

ထိုင်း လေတပ်အကြီးအကဲ ဖန်ပက်ဒီးက မြန်မာစစ်တပ်ရဲ့လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ဝင်မလာအောင် မြန်မာလေတပ်အကြီးအကဲကို ပြောထားကြောင်း၊ ထိုင်းလေတပ်က မြန်မာစစ်တပ်ရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို မပြတ်စောင့်ကြည့်နေပြီး၊ လိုအပ်လာရင် ထိုင်းလေတပ်ရဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ ၁၅ မိနစ်အတွင်း ထွက်ခွာပြီး တုံ့ပြန်ဆောင်ရွက်ဖို့ ပြင်ဆင်ထားကြောင်း ဝန်ကြီးချုပ်ကို ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org