ထိုင်းရောက် မြန်မာဒုက္ခသည်တွေကို ကူညီနေကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့ အကောင်းဆုံးလုပ်နေတယ်လို့ ထိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဆရက်သာ သာဗီဆင်က ပြောလိုက်ပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်က နယူးယောက်မြို့မှာ ကျင်းပသည့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဆရက်သာ သာဗီဆင် (Srettha Thavisin) မိန့်ခွန်းပြောနေစဉ်။ Reuters

ထိုင်းနိုင်ငံဟာ လူ့အခွင့်အရေးရဲ့ အရေးကြီးပုံကို နားလည်တဲ့အတွက် ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့ အကောင်းဆုံးလုပ်နေတယ်လို့ အသစ်ဖွဲ့စည်းလိုက်တဲ့ ထိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဆရက်သာ သာဗီဆင် (Srettha Thavisin) က ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာကျင်းပတဲ့ အထွေထွေညီလာခံကို တက်ရောက်ဖို့ရောက်နေတဲ့ မစ္စတာ ဆရက်သာ က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်နဲ့ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်း ပြောကြားခဲ့သလို ထိုင်းနိုင်ငံအနေနဲ့ အတွင်းရေးမှူးချုပ်ရဲ့ စကားကို အလေးအနက်ထားပြီး မြန်မာဒုက္ခသည်တွေကို ကူညီစောင့်ရှောက်သွားမှာ ဖြစ်တယ်လို့ မစ္စတာ ဆရက်သာက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အားပေးထောက်ခံတဲ့အပြင် မြန်မာနိုင်ငံက ရောက်လာတဲ့ ဒုက္ခသည်တွေကို အတတ်နိုင်ဆုံး ကူညီပေးနေပေမဲ့ အိမ်နီးချင်း နိုင်ငံတွေက ပြည်တွင်းပဋိပက္ခတွေမှာ ဝင်ပါမှာမဟုတ်ကြောင်းလည်း သူက ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသား နှစ်သောင်းကျော် ထွက်ပြေးခိုလှုံနေတယ်လို့ Amnesty International အဖွဲ့ရဲ့ ပြီးခဲ့တဲ့မတ်လက ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org