မြန်မာသမ္မတနဲ့ ထိုင်းဝန်ကြီးချုပ် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
သမ္မတဦးဝင်းမြင့်ဟာ ထိုင်းနိုင်ငံခရီးစဉ်ကို ဒီနေ့ စတင်လိုက်ပြီး နေ့ခင်းမှာ ထိုင်းအာဏာသိမ်း အစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားနဲ့ ဘန်ကောက်မြို့က အစိုးရအိမ်တော်မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
-
2018-06-14 -
-
-
သမ္မတဦးဝင်းမြင့်ဟာ ထိုင်းနိုင်ငံခရီးစဉ်ကို ဒီနေ့ စတင်လိုက်ပြီး နေ့ခင်းမှာ ထိုင်းအာဏာသိမ်း အစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားနဲ့ ဘန်ကောက်မြို့က အစိုးရအိမ်တော်မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံခရီးစဉ်ဟာ ဦးဝင်းမြင့် သမ္မတတာဝန်ယူအပြီး ပထမဆုံး နိုင်ငံခြား ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ပါတယ်။
ဦးဝင်းမြင့်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ဟာ အရင်သမ္မတဦးသိန်းစိန်လက်ထက် ထိုင်းနိုင်ငံနဲ့ သဘောတူထားတဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုဆက်လက်ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကို ဆွေးနွေးမှာဖြစ်ပြီး ထားဝယ် စီးပွားရေးဇုန်စီမံကိန်းကိစ္စကိုတော့ မြန်မာဘက်က စတင်ပြောကြားလိုတဲ့ဆန္ဒရှိမှသာ ပြောဆိုဆွေးနွေးမယ်လို့ ထိုင်းဒုဝန်ကြီးချုပ် ဆုန်ကစ်က သတင်းထောက်တွေကို ဒီနေ့ပြောကြားပါတယ်။
ထားဝယ်စီးပွားရေးဇုန်စီမံကိန်းဟာ ရာထူးကဖယ်ရှားခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရဲ့ စီမံကိန်းတခုဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ထိုင်းစစ်တပ်က အာဏာသိမ်းအပြီး ဒီစီမံကိန်း အနာဂတ်ဟာ ရှေ့မဆက်နိုင်ဘဲ မရေမရာဖြစ်နေတဲ့ ထိုင်းမြန်မာအကြား စီမံကိန်းကြီးတခုဖြစ်ပါတယ်။
ဦးဝင်းမြင့်ဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေစဉ် သောကြာနေ့ကနေ စနေနေ့အထိ ၂ ရက်ကြာကျင်းပမယ့် ၈ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ ညီလာခံကို တက်ရောက်မှာ ဖြစ်တယ်လို့ ဒီနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။