မဲဆောက်တဝိုက်က မြန်မာကလေးတွေအတွက် ကျောင်းတွေဖွင့်နိုင်အောင် ထိုင်းကူညီ

ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုမရှိသလောက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေးတွေအတွက် ကျောင်းတွေကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေပါပြီ။

ထိုင်း - မြန်မာနယ်စပ်က မြန်မာရွှေ့ပြောင်း ကျောင်းသားတွေကို တွေ့ရစဉ်

ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုမရှိသလောက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေးတွေ အတွက် ကျောင်းတွေကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေပါပြီ။

ကျောင်းတွေ ပြန်ဖွ့င်နိုင်ဖို့ မြန်မာရွှေ့ပြောင်းကျောင်းတွေက တာဝန်ရှိသူတွေ၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမတွေကို နှစ်ဖွဲ့ခွဲပြီး၊ မဲဆောက်မြို့ အထွေထွေဆေးရုံကြီးက ပညာရှင်တွေက ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ သွေးစည်းညီညွတ်ရေး အဖွဲ့ဝင်ကျောင်း (BLSO) ရဲ့ ကျောင်းအုပ် ဒေါ်ရွှေစင်ဝင်းက ပြောပါတယ်။

အဲဒီနောက် သတ်မှတ်ထားတဲ့ လမ်းညွန်မှုအတိုင်း ကျောင်းတွေမှာ ပြင်ဆင်ထားသလားဆိုတာကို သက်ဆိုင်ရာ ပညာရေးဌာနနဲ့ ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက အခု စက်တင်ဘာလထဲမှာ စစ်ဆေးလိမ့်မယ်လို့ ဒေါ်ရွှေစင်ဝင်းက ပြောပါတယ်။

“သူတို့ ဒီလပိုင်းထဲမှာ လာစစ်မယ်။ နောက်ပြီးတော့ ၈ ရက်နေ့ကျရင် ကျောင်းမှာရှိတဲ့ ဆရာတွေ အကုန်လုံး အစ္စလာမ်ကျောင်းမှာ ဆေးရုံကြီးကနေလာပြီးတော့ ကိုဗစ်၁၉ နဲ့ ပတ်သက်တဲ့ ရောဂါလာစစ်မယ်။ တစ်ပတ် အတွင်း ကျမတို့ အဖြေပေးရမှာပေါ့နော်။ ဆေးအောင်သွားပြီ။ ကျောင်းရဲ့ စီမံခန့်ခွဲမှုလည်း အောင်ပြီဆိုရင် ခရိုင်ရုံးက လူကြီးကနေပြီးတော့ ခွင့်ပြုမယ်ဆိုရင် ကျမတို့ကျောင်းက အောက်ဆိုဘာ ၁ ရက်နေ့ ဖွင့်ခွင့်ရမယ်”

ကျန်းမာရေးဆိုင်ရာ လမ်းညွန်ချက် အချက် (၄၀) ကျော်နဲ့ကိုက်ညီရင် လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ကျောင်းတချို့ ဖွင့်နိုင်မယ်လို့လည်း မဲဆောက်မြို့က ဆာတူးလေ အထက်တန်းကျောင်းရဲ့ ဒါရိုက်တာ နော်ဖောရေက RFA ကို ပြောပါတယ်။

“ဖွင့်ဖို့ ရှိပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ ဖွင့်နိုင်ဖို့ကို ဒီတာ့ခ်ခရိုင်အမှတ် ၂ ပညာရေးဌာနက ကြိုးစားပြီး တော့ ခရိုင်မှူးနဲ့ ဆက်သွယ်ထားပါတယ်ရှင်။ အဲဒီ ၄၄ ချက်အတိုင်းကို လုပ်ဆောင်ပြီးတော့ သက်ဆိုင်ရာ ပညာရေးဌာနကို ပြန်ကြည့်တယ်။ ပြန်ကြည့်ပြီးတော့ သူတို့ကနေတဆင့် စိစစ်ပြီးတော့ တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူးပေါ့နော်။ သူတို့က report ပြန်တင်တဲ့အပေါ်မှာ မူတည်ပြီးတော့ သူတို့ကနေ ဆုံးဖြတ်သွား လိမ့်မယ်။ အောက်တိုဘာလ ၁ ရက်နေ့မှာ ကျောင်းတချို့ ဖွင့်နိုင်ဖို့ လုပ်ဆောင်နေပါတယ်ရှင့်”

မြန်မာကျောင်းတွေရဲ့ လုပ်ဆောင်မှုတွေကို စိစစ်ပြီး ပညာရေးဌာနကနေတဆင့် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးကို တင်ပြရမယ်လို့ သူက ပြောပါတယ်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းတက်ချိန်ကို၊ အောက်တိုဘာလကနေ ၂၀၂၁ ခုနှစ် မတ်လထိ ၆ လပဲ ဖွင့်ခွင့်ရမှာဖြစ်လို့ သင်ရိုးညွန်းတမ်းတွေကိုလည်း အရေးကြီးတဲ့ သင်ခန်းစာတွေပဲ သင်ပေးသွားမယ်လို့ BLSO ကျောင်းအုပ် ဒေါ်ရွှေစင်ဝင်းက ပြောပါတယ်။

ထိုင်းကျန်းမာရေးဌာနက သတ်မှတ်ချက်တွေဖြစ်တဲ့ စည်းကမ်းချက်တွေထဲမှာ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းဖို့၊ လက်ဆေးမယ့် နေရာထားဖို့၊ ကိုဗစ်ပညာပေး ဆိုင်းဘုတ်တွေထားဖို့၊ ကျောင်းသားတစ်ဦးနဲ့ တစ်ဦး တစ်မီတာစီ ခွာထိုင်ဖို့၊ ထိုးဖောက်မြင်နိုင်တဲ့ အကာအကွယ်တပ်ဆင်ထားဖို့၊ စာသင်ခန်းတိုင်းမှာ လက်ဈေးရည်ထားဖို့ စတဲ့အချက်တွေ အားလုံးပြင်ဆင်နေပါတယ်။

ဒါကြောင့် ကျောင်းပြန်ဖွင့်နိုင်မယ်ဆိုတာ မျော်လင့်တယ်လို့ ဆာတူးလေ အထက်တန်းကျောင်းရဲ့ ဒါရိုက်တာ နော်ဖောရေက ပြောပါတယ်။ ဒါပေမဲ့ တာ့ခ်ခရိုင် မဲဆောက်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်း ကျောင်း ၆၉ ကျောင်းထဲက တချို့ပဲ ဖွင့်နိုင်ဦးမယ်လို့ သူက ပြောပါတယ်။

ဒီကြားထဲမှာ ကျောင်းတွေ မဖွင့်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇွန်လကနေစပြီး မြန်မာရွှေ့ပြောင်း ကျောင်းသားတွေကို Home based learning လို့ ခေါ်တဲ့ အိမ်မှာနေရင်း သင်ပေးခဲ့တဲ့အတွက် စာတွေနောက်မကျနိုင်ဘူးလို့ ဒေါ်ရွှေစင်ဝင်းက ပြောပါတယ်။

မြန်မာရွှေ့ပြောင်း ကျောင်းတွေမှာထားဖို့၊ အပူချိန်တိုင်း ကရိယာ တစ်ကျောင်းမှာ ၂ ခု၊ ကျောင်းသားတွေအတွက် နှာခေါင်းစည်း၊ ပိုးသတ်ဆေး၊ လက်ဆေးဆပ်ပြာ၊ အိမ်သာဆေးရည်၊ တံမြက်စည်း စတဲ့ အသုံးအဆောင်တွေ ကိုလည်း ထိုင်းကျန်းမာရေးဌာနနဲ့ ပညာရေးဌာနက ထောက်ပံ့တယ်လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကနေစပြီး ပြည်တွင်းကူးစက်မှု မရှိခဲ့တဲ့အတွက် ဇူလိုင်လ ၁ ရက်နေ့ကစလို့ ကျောင်းတွေ ပြန်ဖွင့်လှစ်ခဲ့ပြီးနောက် သြဂုတ်လကုန်ပိုင်းကနေ ပုံမှန်ကျောင်းတက်နေပြီ ဖြစ်ပါတယ်။

ထိုင်း - မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်း ကျောင်း ၆၉ ကျောင်းရှိပြီး ကျောင်းသူ ကျောင်းသား တစ်သောင်းတစ်ထောင်လောက်ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org