မြန်မာအလုပ်သမား ၄၀၀ နီးပါး အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဗန်ကပိမြို့နယ်ထဲက IPD ပါကင်ဗူးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား အယောက် ၃၉၀ လောက်ကို အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်လိုက်တဲ့ အတွက် တရားစွဲဆိုသွားမယ်လို့ အလုပ်သမားတွေက ဒီနေ့ ပြောပါတယ်။
-
2017-12-27 -
-
-
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဗန်ကပိမြို့နယ်ထဲက IPD ပါကင်ဗူးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား အယောက် ၃၉၀ လောက်ကို အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်လိုက်တဲ့အတွက် တရားစွဲဆိုသွားမယ်လို့ အလုပ်သမားတွေက ဒီနေ့ ပြောပါတယ်။
ကြိုတင်အကြောင်းကြားတာမရှိဘဲ အလုပ်ဖြုတ်လိုက်တာဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ မညီညွတ်တာကြောင့် မြန်မာအလုပ်သမားတွေဘက်က တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတစ်ယောက် ဖြစ်တဲ့ ကိုမြင့်သက်ဦးက ပြောပါတယ်။
"ကြိုမပြောဘဲ အလုပ်ဖြုတ်လို့ တရားဥပဒေနဲ့ မညီပါဘူး။ တရားစွဲမယ်ခင်ဗျ၊ ကျနော်တို့ သက်ဆိုင်ရာလူကြီးတွေ နဲ့ တရားရုံးကိုဖြေလျှောက်မယ်။ အခုကျနော်တို့ ပြီးတော့ မြန်မာပြည်သံရုံးကလည်း ကျနော်တို့ကို ဂရုမစိုက်၊ ကျနော်တို့ဆီ မနေ့ကရောက်လာတယ်။ မနက်ဖြန်ကျရင် ဖုန်းဆက်ပါတဲ့။ ကျနော်တို့က ဖုန်းဆက်တယ် အခုချိန်အထိ ဖုန်းထိုးလို့မရဘူးခင်ဗျ။ ကျနော်တို့ကို လာကြည့်တာလည်းမရှိဘူး။ အဲ့တော့ ကျနော်တို့ ဘာဆက်လုပ်ရမလဲ။ ကျနော်တို့ အခွင့်အရေး ဆုံးရှုံးပါတယ်ခင်ဗျ"
အလုပ်မဖြုတ်ခင် လုပ်ငန်းခွင်မှာ အလုပ်လုပ်နေစဉ်ကလည်း အလုပ်လုပ်ခွင့်ပါမစ်တွေ လုပ်ပေးမယ်ဆိုကာ ငွေဖြတ်တောက်ပေမယ့် အမှန်တကယ် မလုပ်ပေးတာ၊ လူမှုဖူလုံရေးကတ် ထုတ်မပေးတာ၊ လစာကို ရက်နောက်ကျပြီးမှပေးတာ စတဲ့ အခွင့်အရေးချိုးဖောက်တာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီစက်ရုံမှာ ထိုင်းအလုပ်သမား ၈၀၀ နဲ့ တစ်ထောင်ကြားမှာရှိနေပြီး မြန်မာအလုပ်သမား ၃၀၀ ကျော်ရှိကာ မြန်မာလုပ်သားအားလုံးကို အလုပ်ထုတ်လိုက်တာလို့ ပြောပါတယ်။