တီးတိန်မြို့မှာ Covid 19 ကြောင့် နှစ်ဦး ထပ်မံသေဆုံး၊ တစ်လကျော်အတွင်း ၁၂ ဦးရှိနေ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့မှာ ဇွန်လ ၂၉ ရက်ဒီနေ့ မနက်ပိုင်းမှာ Covid 19 ကြောင့် လူနာ နှစ်ဦး ထပ်မံသေဆုံးခဲ့ရာ တစ်လကျော်အတွင်း သေဆုံးသူ ၁၂ ဦးအထိရှိနေပြီး ပိုးတွေ့သူ သုံးရာကျော် ရှိနေပြီဖြစ်ပါတယ်။

တီးတိန်မှာ ကိုဗစ်ကြောင့် ၂၀၂၁ ဇွန် ၂၉ရက်နေ့ မနက်က သေဆုံးသွားသူ နှစ်ဦးကို သင်္ဂြိုဟ်နေစဉ် Photo: CJ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့မှာ ဇွန်လ ၂၉ ရက်ဒီနေ့ မနက်ပိုင်းမှာ Covid 19 ကြောင့် လူနာ နှစ်ဦး ထပ်မံသေဆုံးခဲ့ရာ တစ်လကျော်အတွင်း သေဆုံးသူ ၁၂ ဦးအထိရှိနေပြီး ပိုးတွေ့သူ သုံးရာကျော် ရှိနေပြီ ဖြစ်ပါတယ်။

သေဆုံးသူတွေဟာ တီးတိန်မြို့ပေါ်မှာနေထိုင်သူတွေဖြစ်ပြီး အသက် ၅၈ နှစ်အရွယ် ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးနဲ့ အသက် ၇၂နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ Covid-19 ကူညီရေး ပရဟိတ လုပ်ဆောင်နေသူတွေက ပြောပါတယ်။

တွန်းဇံမြို့မှာ မေလ ၁၂ ရက်နေ့ လောက်ကစပြီး Covid-19 စတင်ဖြစ်ပွားခဲ့ကာ တီးတိန်မြို့ အပါအဝင် တခြားမြို့တွေဆီ ကူးစက်ပျံ့နှံ့ကုန်တာဖြစ်ပါတယ်။

ချင်းပြည်နယ်ထဲက တီးတိန်၊ ဖလမ်း၊ ထန်တလန်၊ တွန်းဇံ စတဲ့မြို့တွေမှာ Covid-19ကြောင့် ဇွန်လ ၂၉ရက်နေ့ အထိ သေဆုံးသူ ၅၆ ယောက်ရှိနေပြီလို့ Covid-19 ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ ခုလိုအခြေအနေတွေကြောင့် တီးတိန် နဲ့ ဖလမ်းမြို့တွေကို ဒေသခံမြို့မိ မြို့ဖတွေက အသွားအလာကန့်သတ် Lockdown ပြုလုပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ မတ်လက စပြီး ၂၀၂၁ ဇွန်လ ၂၈ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ တစ်သိန်း ငါးသောင်း လေးထောင့် သုံးရာရှစ်ဆယ့်ငါး ရှိပြီး သေဆုံးသူ သုံးထောင့်သုံးရာ ကိုးယောက် ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org