စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ကျောက်မျက်အသင်း ဥက္ကဌအဖြစ်မှ နှုတ်ထွက်
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်း ရှင်များ အသင်း ဥက္ကဌ ဦးတေဇဟာ အသင်းကနေ နှုတ်ထွက်ခွင့်ကို မနေ့က တောင်းခံ ခဲ့ပါတယ်။
-
2013-01-18 -
-
-
အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံရဲ့ ကျောက်မျက်လုပ်ငန်း တင်ပို့ရောင်းဝယ်ရေးဆိုင်ရာ အဆိုတစ်ရပ် ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တင်သွင်းခဲ့အပြီး အခုလို နှုတ်ထွက်ခွင့်တောင်းခံခဲ့တာဖြစ်ပါတယ်။
နှုတ်ထွက်ခွင့်တောင်းခံတဲ့စာကို ဦးတေဇက သမ္မတဆီ ပိုခဲ့ပြီး၊ အဆိုတင်သွင်းခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့မကွေးတိုင်ဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေ ဆီကိုလည်း မိတ္တူတစ်စောင် မနေ့က ပေးပို့ခဲ့တယ်လို့ ဦးလှဆွေက အတည်ပြုပြောကြားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ နိုင်ဝင်ဘာလ အမေရိကန်ပြည်ထောင်စုက နောက်ဆုံးကြေညာခဲ့တဲ့ တားမြစ်ပိတ်ဆို့ခံ ရသူ လူပုဂ္ဂိုလ်စာရင်းထဲမှာ ဦးတေဇ နဲ့ ဦးထွန်းမြင့်နိုင် တို့ပါဝင်နေဆဲဖြစ်ပါတယ်။
ဒါကြောင့် ဦးတေဇ က သူ့အနေနဲ့ ဆက်မလုပ်သင့်ဘူးလို့ ယူဆတဲ့အတွက် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ရာထူးကနေ နှုတ်ထွက်ခွင့်တောင်းခံခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ကျောက်မျက် တင်ပို့ရောင်းဝယ်ရေးလုပ်ငန်းရဲ့ (၆၀)ရာခိုင်နှုန်းဟာ ခရိုနီ လို့ခေါ်နေကြတဲ့ စစ်တပ် နဲ့ အာဏာပိုင်တွေနဲ့ နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ထဲမှာ ရှိနေတယ်လို့ သိရပါတယ်။
ဦးတေဇဟာ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှာ ဥက္ကဌ သက်တမ်း (၃)ကြိမ် ဆက်တိုက် တာဝန်ယူခဲ့ပါတယ်။