တောင်ကြီးမြို့နယ် အန်အယ်လ်ဒီ ပါတီဝင် ၂၀ နီးပါး ပါတီကနေ နှုတ် ထွက်

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင် တောင်သူ ၂၀ နီးပါးဟာ ပါတီဝင်အဖြစ်ကနေ ဒီနေ့ နှုတ်ထွက်လိုက်ပါတယ်။

တောင်ကြီးမြို့မှာ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က NLD ပါတီ မဲဆွယ်စဉ် Photo: Khun Yarzar/RFA

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တောင်သူ ၂၀ နီးပါးဟာ ပါတီဝင်အဖြစ် ကနေ ဒီနေ့ နှုတ်ထွက်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ အောင်သူ က ပြည်သူ့လွှတ်တော်မှာ လယ်ယာမြေလျော်ကြေးပေးလျော်မှုတွေနဲ့ စပ်လျဉ်းပြီး ပြောကြားသွားခဲ့တဲ့ အကြောင်းအရာတွေကို သဘောမကျတာကြောင့် နှုတ်ထွက်တာဖြစ်တယ်လို့ တောင်ကြီးမြို့နယ် NLD ပါတီ တောင်သူလယ်သမားရေးရာကော်မတီဝင် ဦးတင်ရွှေ က ပြောပါတယ်။

"အခုတင်ပဲ ဦးတို့ မြို့နယ်ပါတီရုံးမှာ စာပေးခဲ့ပြီ။ ကျနော်တို့ ဘာကြောင့်ထွက်ပါတယ်ဆိုတဲ့ အကြောင်းရော ဦးတို့မြို့နယ်ကို အခုပို့လိုက်ပြီ။ ပြည်ထောင်စုဝန်ကြီး တစ်ယောက်က လွှတ်တော်မှာ ဖြေကြားခဲ့တယ်ဆိုတာက ပါတီရဲ့ မူဝါဒရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ဦးတို့က သုံးသပ်တယ်လေ။ ဒေါက်တာအောင်သူက ဖြေသွားတယ်။ ၂၀၁၂ ခုနှစ်ရှေ့ပိုင်းမှာ မြေတွေသိမ်းထားတာတွေက သိပ်များတယ်။ သိပ်ပြီးတော့ ရှုတ်ထွေးတယ်။ အဲဒီ အတွက်ကို သူဘာမှမလုပ်ပေးတော့ဘူး။ အဲ့ဒါတွေလုပ်နေရင် ရှေ့လည်းမရောက်တော့ဘူး။ အဲ့ဒါကြောင့်မို့ ၂၀၁၂ နောက်ပိုင်းသိမ်းလည်း ဥပဒေအရ သိမ်းမယ်။ သိမ်းပြီးလို့ ပေးစရာရှိလည်း ဥပဒေအရပေးမယ်လို့ သူကပြောတယ်။ အခုဟာက မြေတွေ သိမ်းထားတာက ၂၀၁၂ ရဲ့ရှေ့ပိုင်းမှာ သိမ်းထားတာလေ။"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒိုက်ဦးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် က ဒိုက်ဦးမြို့နယ်အတွင်း ဆည်မြောင်းတွေ ဖောက်လုပ်ရာမှာ ပါဝင်သွားခဲ့တဲ့ လယ်ယာမြေတွေအတွက် နစ်နာကြေးထောက်ပံ့ပေးဖို့ အစီအစဉ် ရှိ၊ မရှိမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီမေးခွန်းကို ပြန်လည်ဖြေကြားခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနဲ့ နည်းဥပဒေ မပြဌာန်းခင်က တည်ဆောက်ခဲ့တဲ့ ဆည်မြောင်းတွေဖြစ်တာကြောင့် လျော်ကြေးပေးဖို့အတွက် စိုက်ပျိုးသီးနှံစာရင်း၊ မြေယာပိုင်ဆိုင်မှုစာရင်းတွေ ကောက်ယူမယ်ဆိုရင် မှန်ကန်ဖို့ခက်ခဲပြီး နစ်နာဆုံးရံှုးမှုတွေ ကို ပြန်လည်ဖြေရှင်းဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော်အတွက် ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်စေနိုင်တာကြောင့် ထောက် ပံ့ပေးဖို့ အစီအစဉ်မရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

တောင်ကြီးမြို့နယ်အတွင်းမှာ ၂၀၁၂ ခုနှစ်မတိုင်မီသိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေဟာ ဧက တစ်သောင်း နီးပါးခန့်ရှိနေတယ်လို့ တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်သူ လယ်သမားရေး ရာကော်မတီဝင်ဟောင်း ဦးတင်ရွှေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org