တန့်ဆည်မြို့တွင်းက စစ်ကောင်စီတပ်စခန်းနှစ်ခု တိုက်ခိုက်သိမ်းပိုက်ခံရ

တန့်ဆည်မြို့ပေါ် စစ်ကောင်စီ တပ်စွဲထားတဲ့ ရွှေဒေါင်းမင်းဆီဆိုင်ဟောင်း နေရာနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ.၀.က) ရုံးနေရာကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တန့်ဆည်မြို့အခြေစိုက် ကာကွယ်ရေးတာဝန်ခံတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့အဝင်တစ်နေရာအား တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ် စစ်ကောင်စီ တပ်စွဲထားတဲ့ ရွှေဒေါင်းမင်းဆီဆိုင်ဟောင်း နေရာနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ.၀.က) ရုံးနေရာကို စက်တင်ဘာလ ၂၁ ရက် ညသန်းခေါင်အချိန်မှာ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တန့်ဆည်မြို့ အခြေစိုက် ကာကွယ်ရေးတာဝန်ခံတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ညပိုင်း ၁၂ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မနက် ၃ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၂ ရက် ဒီနေ့ မနက်အစောပိုင်းမှာ စခန်းနေရာနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဦးရေ ၂၀ ကျော် သေဆုံးနိုင်သလို စခန်းနေရာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တန့်ဆည်မြို့အခြေပြု ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက RFA ကိုပြောပါတယ်။

“သူတို့ စခန်းကို ကျွန်တော်တို့ တိုက်ခိုက်ပြီးတော့ သိမ်းပိုက်နိုင်ခဲ့တယ်။ ပြီးတော့ သူတို့ တပ်စွဲထားတဲ့နေရာကို သိမ်းပိုက်ပြီးတော့ မီးရှို့ခဲ့တယ်ပေါ့။ သူတို့ဆီက သေနတ် ၁၄ လက်ရခဲ့တယ်။ ခဲယမ်းကတော့ တော်တော်များတယ်။ အားလုံး ၂၀ ကျော်မယ် လက်နက်ကိုင်တဲ့ ၁၄ ဦးကတော့ သေချာတယ်သေတာ”

တိုက်ပွဲအတွင်း PDF တွေဘက်က တစ်ဦးသေဆုံးခဲ့သလို ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆိုပါတယ်။ နှစ်ဖက် သေဆုံးထိခိုက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ တန့်ဆည်မြို့တွင်း တိုက်ပွဲမှာ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ ပြည်သူ့စစ် လေးဦး၊ စုစုပေါင်း ဆယ်ဦးသေဆုံးခဲ့တယ်လို့ ဒီနေ့ရေးသားဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA ကဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စခန်းသိမ်း တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဒီနေ့မနက် ၉ နာရီခွဲခန့်ကလည်း ကန့်ဘလူမြို့နယ် ဘက်ကနေ တန့်ဆည်မြို့ဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်လစစ်ကြောင်းနဲ့ သဲကုန်းရွာတံတားနားမှာ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နောက်ထပ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဘက်ကနေလာတဲ့ Mi – 35 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သဲကုန်းရွာဘက်ကို လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ညနေပိုင်းအထိတော့ တန့်ဆည်မြို့ပေါ်မှာ တိုက်ပွဲအခြေအနေကြောင့် လူသွား လူလာမရှိဘဲ တိတ်ဆိတ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org